မွန်နှင့်ကရင်ပြည်နယ် နယ်နိမိတ်ပိုင်းခြားထားသော ဂျိုင်းမြစ်ဝှမ်းဒေသမှ ကျိုက်မရောမြို့နယ် ဓမ္မသမှ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနှင့် မင်းရွာအထိ ဒေသခံပြည်သူမျးအား စစ်ကောင်စီမှ သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့ ညပိုင်းကစတင်ကာ ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ – ၈၁ နှင့် ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီ၏ စစ်သင်္ဘောများမှ ကော့ဘိန်းကျေးရွာနှင့် မင်းရွာကျေးရွာအနီးဝန်းကျင်အား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
“မင်းရွာဘက်မှာ တော်လှန်ရေးအဖွဲ့တွေက စစ်အင်အားဖြည့်တင်းနေတယ်၊ အခုဆိုရင် ကော့ဘိန်းကျေးရွာဘက်ရော၊ မင်းရွာကျေးရွာဘက်ရော၊ ဓမ္မသကျေးရွာဘက်ကိုပါ စက်တင်ဘာလ (၃၀) ရက်နေ့ကစပြီးတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ရွာထဲကိုတော့ မပစ်ဘူး။ ရွာအပြင်ဘက်ကိုပစ်နေတာ။ ခြောက်လှန့်ပစ်ခတ်မှုမျိုးလုပ်နေတာမျိုးပါ” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ (၃၀) ရက်နေ့က မင်းရွာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
“စစ်တပ်ဘက်က စက်တင်ဘာလ (၃၀) ရက်နေ့ကစလို့ အောက်တိုဘာလ (၃) ရက်နေ့ညပိုင်းကပါ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ်။ နောက် ဂျိုင်းမြစ်ထဲမှာရှိနေတဲ့ စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့လှမ်းပစ်နေတယ်။ ရွာထဲကိုတော့ မပစ်သေးဘူး။ ရွာအနီးဝန်းကျင်ကို ခြောက်ပစ်တဲ့ပုံစံမျိုးလုပ်နေတယ်။ တော်လှန်ရေးအဖွဲ့တွေ ရွာထဲကိုဝင်လာရင်တော့ မင်းရွာလည်း ဓမ္မသရွာလိုဖြစ်သွားမယ့် သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိနေသည့် ဓမ္မသကျေးရွာသို့ မြန်မာရေတပ်မှ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် အိမ်ခြေပေါင်း ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဂျိုင်းမြစ်ကမ်းနံဘေးမှ ရွာသားများအားလုံး စစ်ဘေးရှောင်ခဲ့ရသည်။
လတ်တလော ကျိုက်မရောမြို့နယ်အတွင်းရှိ ဂျိုင်းမြစ်ဝှမ်းဒေသမှ ကျေးရွာများ၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo-စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သော လက်နက်ကြီးအပိုင်းအစများ