ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
ရခိုင်ပြည်နယ် စစ်တွေမြို့တော်ရှိ စစ်တွေတက္ကသိုလ်အနီး၌ ယနေ့ (ဇူလိုင်လ ၁ ရက်) နေ့လယ်ပိုင်းတွင် အမျိုးသား ၆ ဦး ပစ်သတ်ခံရသဖြင့် ၃ ယောက်သေ ၃ ယောက်ဒဏ်ရာရရှိပြီး လက်သည်မပေါ်သေးကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။
“၆ ယောက်အပစ်ခံရတာ ၃ ယောက်သေတယ် ၃ ယောက်ကတော့ အသက်ရှင်သေးတယ် အားလုံးရခိုင်လူမျိုးတွေပဲ စစ်တွေတက္ကသိုလ်ဘေးပေါက် ကားလမ်းမဘေးမှာ ဖြစ်တာ” ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ သေနတ်ပစ်ခတ်ခံရသော အမျိုးသားများသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် အဖွဲ့ဝင်(၃)ဦးတို့ စစ်တွေမြို့ပေါ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်ရှိခဲ့ပြီး လက်သည်မပေါ်ခဲ့ပေ။
ယင်းပစ်ခတ်မှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ယင်းကဲ့သို့ ပစ်ခတ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေနေကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။