မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့် သားငါးများကို နေ့စဉ် ဒေသပေါက်ဈေးထက် ထက်ဝက်လျော့သောဈေးဖြင့် နေ့စဉ်ပေးပို့နေရကြောင်း သိရသည်။
သားငါးလုပ်ငန်းရှင်များမှတဆင့် သက်ဆိုင်ရာကိုယ်စားလှယ်များက နေ့စဉ် တပ်ရင်းဌာနချုပ်အရောက် ပို့ဆောင်ပေးရခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် လျှောဈေးဖြင့်ရောင်းချရခြင်းအပြင် ငွေထုတ်ရာတွင်လည်း ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။ ‘
ငါးလုပ်ငန်းရှင်တစ်ဦးက “ပေးရမယ်လို့ အမိန့်နဲ့တောင်းတော့ ပေးနေရတယ်၊ ခုလိုပေးနေရတာ ၄ လ လောက်တော့ ရှိပြီ၊ ဒေသအလိုက်ပေါ့ ဥပမာ ကမ်းရိုးတန်းပင်လယ်ထွက်ကုန်အပြင် အသားတွေကအစ နေ့စဉ် သူတို့ပေးတဲ့ဈေးပေါ့၊ ထက်ဝက်လောက်၊ တစ်ခါတစ်လေ ထက်ဝက်နည်းနည်းကျော်လောက်ပဲ ရပါတယ်၊ အစစအရာရာ ကုန်ကျစရိတ်ကြီးတဲ့အခါမှာ နစ်နာကြပေမယ့် မပြောရဲပါဘူး ” ဟု ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းကာလ စတင်သည့်အချိန်မှစ၍ သားငါးပိဿာချိန် ပိုမိုလိုအပ်လာသဖြင့် အစိုးရသတ်မှတ် ဈေးဖြင့်သာ တိုးမြှင့်ဝယ်ယူနေရကြောင်း၊ ဌာနချုပ်တပ်များမှတဆင့် လက်အောက်ခံတပ်ရင်းအသီးသီးသို့ ခွဲဝေပေးရကြောင်း၊ လိုအပ်သည့် ဆန်ဆီဆေးဆား ငရုတ်ကြက်သွန်များကိုမူ တပ်ကိုယ်စားလှယ်ကတဆင့် မြို့တွင်းသို့ ထွက်ဝယ်ကြရကြောင်း တပ်ရင်းဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လုပ်ငန်းရှင်တွေက ပံ့ပိုးတယ်ဆိုပေမယ့် အဲ့ဒီကုန်ကျစရိတ်က ပြည်သူတွေမှာပဲ လာဆောင့်တာပါပဲ၊ ပြည်သူတွေကပဲ သူတို့ကို ပြန်ကာကွယ်စောင့်ရှောက်ပေးနေရသလို ဖြစ်နေတယ်၊ မြို့တွင်းဆိုင်တွေမှာ တခုခုလာဝယ်ရင်လည်း အနည်းဆုံး ကား ၃ စီးနဲ့ လူက သုံးဆယ်လောက်ကပါသေးတယ်၊ အထက်ကခိုင်းတာလား၊ အောက်ကပဲ အနိုင်ကျင့်တာလားတော့မသိဘူးပေါ့ ” ဟု လမိုင်းမြို့နေ ပြည်သူတစ်ဦးက ပြောကြားသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်၌ မွန်ပြည်နယ်အတွင်း အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်၊ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိပြီး ခြေလျင်တပ် (၉) ရင်း၊ ခြေမြန်တပ် (၁၈) ရင်း၊ ဝဲကလိနှင့် သထုံမြို့တို့တွင် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိကြောင်း မြန်မာစစ်တပ် စစ်အဂႅါစဥ်တွင် ဖော်ပြထားသည်။