ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
ရန်ကုန် – မော်လမြိုင် အမှတ် (၈) အဝေးပြေးကားလမ်းမပေါ်တွင် ဇွန်လ (၃၀) ရက်၊ နံနက် (၁၀) နာရီဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီး စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါသည့် (၁၂) ဘီးယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထပ်မံပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် တပ်ဖွဲ့ဝင် (၄) ဦးသေဆုံးပြီး၊ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် (၁၂) ဘီးယာဉ်အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ (၁၂) ဘီးယာဉ်မှာ ခါးလည်ကျိုး၍ ပျက်စီးသွားကြောင်း၊ ထို့နောက် အခင်းဖြစ်ပွားသည့်နေရာမှာပင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့ပြီး၊ (၇) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။
“အလူးလေး အထပ်သားစက်ရုံအနီး ကားလမ်းဘက်ကနေ ပေါက်ကွဲသံ နှစ်ကြိမ်နဲ့ ပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ အသံတွေကြားလိုက်တာနဲ့ ဝပ်နေဘဲ။ မိနစ်နှစ်ဆယ်လောက်ကြာတော့ဘအသံတွေ တိတ်သွားတယ်။ နောက်မှ စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုအား KNU/KNLA/ABSDF/KRF နှင့် ဘီးလင်း ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့က နံနက် (၁၁) နာရီဝန်းကျင်အချိန်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန် – မော်လမြိုင် ကားလမ်း၊ ရွှေသံလွင်တိုးဂိတ်အဟောင်း ရှိ အဖွဲ့စုံ စစ်ဆေးရေးဂိတ် Drop Bomb ချ တိုက်ခိုက်ခံခဲ့ကြောင်း၊ အလားတူ ယမန်နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်အချိန်ခန့်ကလည်း ရန်ကန် – မော်လမြိုင် ကားလမ်း၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ကြားရှိ သဲဖြူချောင်းတံတား (သံတံတားဂိတ်) တွင် လုံခြုံရေးယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုများအား KRF/KNU/KNLA/PDF/ TPDF (KT)/Yangon Eagle Force နှင့် ကျိုက်ထို ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လူမှုကွန်ယက်များ ဖော်ပြချက်အရ သိရသည်။