၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်ကောက်ယူနိုင်မည်မဟုတ်ကြောင်း ယမန်နေ့က ကျင်းပခဲ့သည့် မော်လမြိုင်မြို့ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲမှ သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းကောက်ယူရန်အတွက် မွန်ပြည်နယ်တစ်ခုလုံး၌ စာရင်းစစ်/စာရင်းကောက် ၁၂၀၂ ဦး ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အောက်တိုဘာလ ၁၅ ရက်နေ့နောက်ပိုင်းတွင် လုံခြုံရေးထပ်မံရယူကာ တစ်ပြည်နယ်လုံးအတွက် ရာနှုန်းပြည့် ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြောကြားခဲ့သည်ဟု သင်တန်းတက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။
၄င်းက ”သူကတော့ ရာနှုန်းပြည့်လို့တော့ ပြောသွားပေမယ့် မော်လမြိုုင်၊ မုဒုံနဲ့ ပေါင်ကလွဲလို့ မဖြစ်နိုင်ပါဘူး၊ ရေးခရိုင်ဆိုရင် လက်ရှိအနေအထားအရ ၆၀ ရာခိုင်နှုန်းကျော်လောက်ပဲ ကောက်နိုင်မယ့်အနေအထားပါ၊ ဒါတောင် လုံခြုံရေးအပြည့်အဝသုံးပြီးတော့ ကောက်မှာပါ၊ ကျန်တဲ့ စိတ်မချရတဲ့ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်တို့လည်း ရေးနဲ့မကွာလောက်ဘူး” ဟု ဆိုသည်။
စစ်ကောက်စီကကောက်ယူမည့် သန်းခေါင်းစာရင်းအတွက် ပါဝင်ကူညီသူများကို နည်းလမ်းပေါင်းစုံဖြင့် အရေးယူသွားရန် တော်လှန်ရေးအဖွဲ့အစည်းများက ပြောကြားထားခြင်းကြောင့် ဝန်ထမ်းအချို့ စိုးရိမ်နေကြသည်ဟု သိရသည်။
ရေးခရိုင်ရှိ အရာထမ်းဝန်ထမ်းတစ်ဦးက “မရရတဲ့နည်းနဲ့ကောက်မယ်ဆိုရင်တော့ ခု ထားဝယ်က အချို့ဒေသမှာလုပ်သလို စာရွက်တွေလိုက်ဝေငှပြီး လုပ်တဲ့အဆင့်ပဲရမယ်၊ ခုချမယ့် လုံခြုံရေးတွေကလည်း ရက်တိုသင်တန်းဆင်း ပြည်သူ့လုံခြုံရေးတွေပဲများမှာဆိုတော့ ရင်တထိတ်ထိတ်နဲ့လုပ်ရမှာပဲ ” ဟု ပြောသည်။
ထို့ပြင် မော်တော်ကားများ အငှားမလိုက်ကြခြင်းကြောင့် ကားများကို အတင်းအကြပ်ချောဆဲွခြင်းများ ဆောင်ရွက် လာနေကြောင်း ဒေသခံများထံက သိရသည်။
သံဖြူဇရပ်မြို့နေ ရပ်မိရပ်ဖတစ်ဦးက “မြို့နယ်အလိုက် ယထကကနေတဆင့် ကားတွေကို လိုက်ခေါ်ပေမယ့် မရလို့၊ ခု လိုင်စင်မဲ့ကားတွေ ချောဆွဲ၊ အချို့အတင်းအကြပ်ခေါ်နဲ့ လတ်တလောအဲ့လို ဖြစ်နေတယ်၊ နောက်ပြီးသူတို့က အဲ့ဒီကာလတွေမှာလဲ အိမ်မပြန်ရဘဲ သူတို့သတ်မှတ်တဲ့နေရာမှာပဲ သန်းခေါင်စာရင်း ကောက်သူတွေနဲ့ အတူတူနေရမှာဆိုတော့ မလုပ်ချင်ကြဘူး၊ လမ်းကြောင်းထွက်ကတည်းက အသက်ဖက်နဲ့ထုတ်ရတဲ့ကိစ္စမို့ ခု ကားကိစ္စလည်း အခက်အခဲဖြစ်နေတယ် ” ဟု ဆိုသည်။
သန်းခေါင်စာရင်းလုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည့်အတွက် ပါဝင်ဆောင်ရွက်သူများအားလုံး အလွန်ပင် တာဝန်ကြီးမားပြီး အလေးအနက်ထားဆောင်ရွက်ရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နည်းပြသင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
Photo- စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေး အစည်းအဝေးများ (Aung Kyi Thein)