ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်ဆက်နွယ်မှုရှိဟုဆိုကာ ဖမ်းဆီးခံထားရသည့် ရေးမြို့မှ အမျိုးသမီး (၂) ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရကြောင်း ၎င်းတို့၏ မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီဖမ်းဆီးထားသည့် ရေးမြို့ အောင်မေတ္တာရပ်ကွက်နေ မနန်းရီ နှင့် မမိုးခိုင်တို့ ၂ ဦးမှာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ၏ ရေးခရိုင်တရားရုံးက ထောင်ဒဏ် (၁၅) နှစ်စီချလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မနန်းရီ နဲ့ မမိုးခိုင်တို့ နှစ်ဦးက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ရဲ ရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။ သူတို့အဖမ်းခံရပြီး (၁) လလောက်အကြာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ အခုလို နှစ်ရှည်ထောင်ဒဏ်ချမှခံခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း မည်သည့် အမှုအခင်းမဆို ရေးခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လေ့ရှိကြောင်း နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသူများကိုလည်း အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လေ့ရှိကြောင်း ၎င်းကဆိုသည်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များမှ မကြခဏ ဧည့်စာရင်းစစ်ခြင်းနှင့် မသင်္ကာသူများအား PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသူ အရေအတွက်မှာ ပြီးခဲ့သည့် ဩဂုတ်လနှင့်စက်တင်ဘာလ အတွင်း (၂၀) ဦး ထက်မနည်းရှိခဲ့ပြီး၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးထားသူ (၁၀) ဦးကျော်အား ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။