ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာအနီးတွင် ယမန်နေ့က ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ အမျိုးသားနှစ်ဦးအား KNU/PDF ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က ရေးမြို့နယ်၊ မြို့ဟောင်းကုန်းရွာဘက်မှ မော့ကနင်ကျေးရွာဘက်သို့ သံဖြူဇရပ် – ရေးကားလမ်းမအတိုင်း လမ်းလျှောက်လာကြသည့် အသက် (၂၅) နှစ်အရွယ်ခန့်ရှိ အမျိုးသားနှစ်ဦးအား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့မနက်ပိုင်းက သေနတ်သံတွေကြားရလို့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ပြေးကြလွှားကြဖြစ်ခဲ့သေးတယ်။ နောက်မှ အမျိုးသားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာလို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးမှာ မြို့ဟောင်းကျေးရွာဘက်မှ မော့ကနင်ကျေးရွာဘက်သို့လမ်းလျှောက်လာစဉ် ကင်းပုန်းဝပ်နေသည့်စစ်ကောင်စီတပ်သားများမှ ရပ်တန့်အစစ်ဆေးခံရန်ပြောကြားစဉ်ထွက်ပြေးသွားသည့်အတွက်ကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖေါ်ပြထားကြသည်။
၎င်းအမျိုးသားနှစ်ဦးနှင့်အတူပါလာသည့် ကျောပိုးအိတ်အတွင်းမှ ထိုင်းနိုင်ငံထုတ် ရှေ့ထွက်မိုင်း (၁) လုံး၊ ဖြူ့စ် (၂) ချောင်း၊ ပေ (၄၀) ခန့်အရှည်ရှိ အနီ/အနက် ဝါယာကြိုးခွေ (၁) ခွေ၊ ဓါတ်ခဲအိမ် (၁) ခု နှင့် ကရင်ရိုးရာအင်္ကျီ (၂) ထည်တို့အား သိမ်းဆည်းရမိခဲ့သည့်ဟု စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက ဆိုထားကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းအချိန်ကလည်း အလုပ်ကိစ္စဖြင့် ဆိုင်ကယ်စီးနင်းလာသော တော်လှန်ရေးရဲဘော်တစ်ဦးမှာ နှစ်ကရင်ဘူတာမှ လမိုင်းဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်စဥ် ဝယ်ဖယ်နှင့် မော့ကနင်ရွာသစ်ကြားရှိ စစ်ကောင်စီ အမြှောက်တပ်လမ်းဝအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက တွေ့ရှိရ၍ ဆိုင်ကယ်ပြန်ကွေ့စဉ် ပစ်ခတ်ခံခဲ့ရသည့်အတွက် ကျဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အာစုများထံမှ သိရသည်။