သထုံမြို့နယ်တွင် စစ်ကောင်စီ လုံခြုံရေးပူးပေါင်းအဖွဲ့များက ကားလမ်းမကြီးပေါ် ၌ ယာဉ်ကြောပိတ်ဆို့စစ်ဆေးနေစဉ် ဆိုင်ကယ်များအား စစ်ဆေးရာမှ ဆိုင်ကယ် ၂ စီးမှ လူငယ်(၄) ဦးတို့အား PDF ဟုဆိုကာ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီချိန်ခန့်တွင် သထုံ-ဘားအံကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာသူ လူငယ်အမျိုးသားနှစ်ဦးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ အင်းကွဲကျေးရွာ၊ အနန်းပင်ကျေးရွာအုပ်စုနေသူ ဝင်းထိုက်စိုးနှင့် လိုက်ပါလာသူ စိုးမိုးထွန်းတို့အား ဖုန်းအတွင်း၌ သေနတ်ကိုင်ဆောင်ပြီး ပျောက်ကျားဝတ်စုံများဖြင့် ရိုက်ထားသော ဓာတ်ပုံများတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးမိသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ဆိုသည်။
အလားတူ သထုံ-မော်လမြိုင် ကားလမ်းမ၌ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီ လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ယာဉ်ကြောပိတ်ဆို့စစ်ဆေးနေစဉ် ကမာစိုင်ရွာ၊ ဒုံဝန်းကျေးရွာအုပ်စုနေ မျိုးမင်းဆန်း(ခ)ခေါင်းချွန်နှင့် ကံထူးအောင်(ခ)မောင်လူဆိုးတို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့မှာ PDF အကြမ်းဖက်များဖြစ်ကြောင်း စစ်ကောင်စီက ဖော်ထုတ်တွေ့ရှိခဲ့သည်။
၎င်းတို့အား စစ်ဆေးချက်များအရ PDF သင်တန်း တက်ရောက်ခဲ့သူများဖြစ်ပြီး လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲရာတွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲကာအရေးယူထားသည်။
ထို့ပြင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း အလံနဲ့ မီးတုတ်များ ကိုင်စွဲပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ညက ရန်ကုန်မြို့လမ်းမပေါ်၌ လျှပ်တပြက်ဆန္ဒပြခဲ့သူ ရန်ကုန် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှ လူငယ် ၄ ဦး ဖမ်းဆီးခံရကြောင်း သတင်းများက ဖော်ပြသည်။