ဟောင်းနွမ်းစုတ်ပြဲနေသည့် ငွေကျပ်ငါးထောင်နှင့် တစ်သောင်းတန်များအား လဲလှယ်ရာတွင် ခက်ခဲလာကြောင်း သိရသည်။
မွန်ပြည်နယ်တွင် အထူးသဖြင့် လုံခြုံရေးစိတ်မချရသော ရေးမြို့ပေါ်ရှိ တစ်ခုတည်းသော မြန်မာ့စီးပွားရေးဘဏ်က ဟောင်းနွမ်းစုတ်ပြဲနေသည့် ငွေကျပ်ငါးထောင်နှင့် တစ်သောင်းတန်များအား လဲလှယ်ပေးခြင်းကို ယခင်လကတည်းက ကန့်သတ်လိုက်ကြောင်း မြို့ခံအချို့က ပြောသည်။
”ခုက ၅ ထောင် ၁ သောင်း အတန်ကြီး ၂ မျိုးကို မလဲပေးတော့ဘူး၊ လဲပေးဖို့က ငွေမလည်ပတ်နေဘူးလို့သိရတယ်။ မြန်မာ့စီးပွားရေးဘဏ်၊ နောက် ပုဂ္ဂလိကဘဏ်က ငွေကြေးတွေနဲ့ပဲ ရေးမှာ လည်ပတ်နေရတယ်၊ နောက်ထုတ်တဲ့ တစ်သောင်းတန်အသစ်တွေတော့ပေါတယ်၊ ဒါပေမယ့် မလဲပေးဘူး၊ နောက်ပိုင်း ဘဏ်ထုတ်ကအစ တစ်ထောင်တန် အဟောင်းအနွမ်းတွေပါ လစာရရင် အတော်များများပါလာနေပြီ ” လို့ ရေးမြို့မြန်မာ့စီးပွားရေးဘဏ်နှင့်နီးစပ်သည့် ဌာနဆိုင်ရာအရာထမ်းတစ်ဦးက ပြောကြားသည်။
သို့ရာတွင် လုပ်ငန်းရှင်အချို့အနေဖြင့်မူ ဟောင်းနွမ်းစုတ်ပြဲပြီး လဲလှယ်ရန်ညီညွတ်သည့် ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ငါးထောင်လျှင် တစ်ထောင်လျှော့နှုန်းဖြင့် လဲလှယ်နိုင်နေပြီး မြို့နယ်အတွင်း ရာခိုင်နှုန်းလျှော့ကာဟောင်းနွမ်းငွကြေးလဲလှယ်နိုင်သည့် ကိုယ်စားလှယ်များပင်ရှိလာသည်ဟု မြို့ခံအချို့က ပြောကြားသည်။
”ဘဏ်မှာသာလဲလို့မရတာ၊ အပြင်မှာတော့ အနည်းဆုံး ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလျှော့ပြီး လဲလို့ရနေတယ်၊ သာမန်ဈေးရောင်းသူတွေ ခုလိုလုပ်လိုက်တော့ မတော်တဆအတန်ကြီးတွေ ပါလာရင် ခုလိုရှားပါးနေတဲ့ခေတ်မှာ အတော့်ကို ဒုက္ခရောက်ကြရပါတယ်၊ ငွေကြေးတော်တော်များများကတော့ တစ်သောင်းတန်အသစ်ကလွဲလို့ ကျန်တာ ဟောင်းနွမ်းနေကြတယ် ” ဟု ရေးမြို့မြသီတာဈေးနေ ဈေးရောင်းချသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရေး – မော်လမြိုင်ကားလမ်း၊ ကနင်ကမော့ကျေးရွာအနီး၌ မော်လမြိုင်မှ ရေးမြို့မြန်မာ့စီးပွားရေးဘစ်သို့ ငွေကြေးများတင်ဆောင်လာသည့်ကား တိုက်ခိုက်လုယက်ခံရသည့်ဖြစ်စဥ် ရှိခဲ့သည်။
Photo-ငွေစက္ကူအဟောင်း