၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ပြီး တာဝန်ကျဌာနဝန်ထမ်းများအနေဖြင့် လုံခြုံရေးအရ စိတ်မချရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် သက်ဆိုင်ရာ လဝကဌာနနှင့်ပူးပေါင်းကာ ဆရာဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများပါဝင်သွားမည်ဖြစ်ပြီး ရေးမြို့နယ်အတွင်း ပညာရေးနှင့် အရပ်ဘက်ဝန်ထမ်း ၁၁၂ ဦးကို တာဝန်ပေးထားခဲ့ရာတွင် မိမိတို့၏လုံခြုရေးဆိုင်ရာကိစ္စအဝဝအတွက် စကခတာဝန်ရှိသူများမှ ယနေ့အချိန်အထိ စိတ်ချရသည့် အာမခံချက် တစ်စုံတရာမပေးနိုင်သေးကြောင်း ပါဝင်သူများက ပြောကြားသည်။
ပညာရေးဝန်ထမ်းတစ်ဦးက “နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ်ကို သုံးပြီးတော့ Mobile Tablet မှာထည့်ထားတဲ့ ဆော့ဝဲတွေသုံးပြီး အိမ်တိုင်ရာရောက်ကောက်မှာပါ။ ခု သင်တန်းကာလမှာ သက်ဆိုင်ရာက ခုထိလုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်လိုအာမခံပါတယ်လို့ မပြောသေးဘူး၊ လက်ရှိကြားနေရတာကလည်း ရပ်ရွာက အကြောင်းသိ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကိုပဲ အဓိကအားပြုမယ်လို့လဲသိရတယ်၊ ကျွန်တော်တို့နယ်က တော်လှန်ရေး အားကောင်းတဲ့နယ်ဖြစ်တော့ စိတ်ပူမိတယ်၊ မလုပ်မနေရ လုပ်ရမယ့်အလုပ်ကိုး ” ဟု ပြောကြားသည်။
နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူမှာဖြစ်ပြီး သမားရိုးကျ အိမ်ထောင်စုတွေမှာ နေထိုင်သူတွေသာမက ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အကျဉ်းထောင်၊ ဘော်ဒါဆောင်များ၊ ဆေးရုံ၊ တပ်ရင်းတပ်ဖွဲ့များအတွင်း နေထိုင်သူများ၊ အိမ်ခြေရာခြေမဲ့တွေအပါအဝင် လူအားလုံးကို စာရင်းကောက်ယူသွားမည်ဖြစ်သည့်အတွက် လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အာမခံချက်ပေးသင့်ကြောင်း ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောကြားသည်။
”၃၅ နှစ်ကနေ ၆၅ နှစ်ကြား ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲဖို့ တပ်က အပူတပြင်းရပ်/ကျေးတွေကိုခေါ်ခိုင်းနေတယ်၊ သင်တန်းကာလ ၂ ပတ်နဲ့ ခုစာရင်းကောက်မယ့်နေရာတွေမှာ ချထားဖို့စီစဉ်မယ်လို့လဲကြားတယ်၊ စစ်သားတွေတောင် အလစ်မှာ ခံနေရတာ၊ လူသစ်တွေဆို ပိုဆိုးမှာပေါ့၊ စာရင်းကောက်မယ်သူတွေအနေနဲ့က စိုးရိမ်လည်းစိုးရိမ်စရာပါ။ သူတို့ဒါကိုအောင်မြင်ချင်တယ်ဆိုရင် လုံခြုံရေးအာမခံပေးဖို့လိုတယ်၊ နို့မဟုတ်ရင် တိကျတဲ့အချက်အလက်တွေရလာမှာတော့မဟုတ်ဘူး ” ဟု အဆိုပါဝန်ထမ်းက ပြောကြားသည်။
သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်များအဖြစ် တိကျမှန်ကန်သည့်လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
Photo-၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးသင်တန်း