ရန်ကုန် – မော်လမြိုင်ကားလမ်းဘေးရှိ သထုံမြို့နယ် ပေါ်တော်မူကျေးရွာ၌ ပိတ်ထားသော ဆေးခန်းအဆောက်အဦးအဟောင်းအတွင်း ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံတို့က ပြောသည်။
ယမန်နေ့ စက်တင်ဘာလ (၁၈) ရက်နေ့ မွန်းလွဲ (၂) နာရီ (၃၀) မိနစ်အချိန်ခန့်က အဆိုပါ ပေါ်တော်မူကျေးရွာ ဘုရားအနီးရှိ (၃) ထပ် “စေတနာဖြူ” ပုဂ္ဂလိက ဆေးခန်းအဟောင်း အဆောက်အဦး၏ မြေညီထပ်လှေကား အောက်နေရာ၌ လက်လုပ်မိုင်းပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီ ဆေးခန်းက အရင် သထုံခရိုင်ဆေးရုံအုပ်ကြီး ဆေးခန်းဖွင့်သွားတဲ့အဆောက်အဦးပါ။ သူ့က ပြင်ဦးလွင်ကို ပြောင်းရွေ့သွားပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီအဆောက်အဦးက ဒီအတိုင်းထားသွားတယ်။ အဆောက်အဦးကလည်း အပေါ်ထပ်တွေက ဆောက်လက်စတွေလို့ သိရတယ်၊ ဘယ်အဖွဲ့က ဘာရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တာလဲ မသိပါဘူး၊ လူတော့အထိအခိုက်မရှိပါ” ၎င်းက ပြောကြားသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လှေကားလက်ရမ်းများ၊ လှေကားနှင့် ကပ်လျက်အခန်းအတွင်းရှိ သစ်သားဗီဒိုနှင့် ထိုင်ခုံများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင်၊ လက်လုပ်မိုင်းပေါက်ကွဲသည့်အရှိန်ကြောင့် ထိုဆေးခန်းအဆောက်အဦးအဟောင်းနှင့် ခြံခြင်းကပ်လက်နေအိမ်ဈေးဆိုင်တစ်ခု၏ မျက်နှာကျက်များလည်း ကွာကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Photo- ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ