တရုတ်၏ကြားဝင်စေ့စပ်မှုကို သဘောတူလက်ခံပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တပ်ဖွဲ့အနေဖြင့် ချက်ချင်းအပစ်ရပ်သွားမည်ဖြစ်ကြောင်း ယခင်ထုတ်ပြန်ချက်ကို ယခုအခါ တဖန်ပြန်လည်ထုတ်ပြလာသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တရုတ်က ရှမ်းမြောက်ဒေသတွင် အပစ်ခတ်ရပ်စဲရေးအတွက် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကနဦးအနေဖြင့် စက်တင်ဘာ ၄ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ခေတ္တရုတ်သိမ်းသွားခဲ့သည်။
တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် ကြားဝင်စေ့စပ် ဖြေရှင်းပေးရန်နှင့် မိမိတို့အနေဖြင့်လည်း ချက်ချင်းပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးလမ်းစဉ်ဖြင့် ပဋိပက္ခများကို အဖြေရှာဖြေရှင်းသွားမည်ဟု ဆိုထားသည်။
တဖက်တွင် MNDAA (ကိုးကန့်) တပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းကြောင်းနှင့် မန္တလေး၊ တောင်ကြီးတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ကြောင်း၊ သို့သော် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် မူဝါဒကို ဆက်ပြီးကိုင်စွဲသွားမည်ဟု ဆိုထားသည်။
ထို့အပြင် MNDAA (ကိုးကန့်) သည် မြန်မာနိုင်ငံထဲမှ ခွဲမထွက်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မူအတိုင်း ရပ်တည်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် MNDAA နှင့် တအာင်း TNLA တပ်ဖွဲ့တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို သိမ်းပိုက်ခဲ့ပြီးချိန်တွင် ရှမ်းမြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးစားနေကြောင်း တရုတ်အစိုးရက သြဂုတ်လကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
သို့သော်လည်း TNLA တပ်ဖွဲ့အနေဖြင့် တရုတ်ဖိအားကို လက်မခံဘဲ နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
Photo-MNDAA ထုတ်ပြန်ချက်