ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေသော ရေဘေးသင့် အိမ်ထောင်စုတိုင်းကို အစိုးရက ဘတ် ၂၃၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က ပြောဆိုလိုက်သည်။
ထို့ပြင် သေဆုံးမှုနှင့် အခြားထိခိုက် နစ်နာမှုများအတွက် ဘတ် ၄၀,၀၀၀ မှ ဘတ် ၅၀,၀၀၀ နစ်နာကြေး ပေးသွားမည်ဟုလည်း ဆိုသည်။
ရေဘေးကယ်ဆယ်ရေးအတွက် ဗဟို ဘတ်ဂျက်ထဲမှ ဘတ် ၃ ဒဿမ ၀၄၅ ဘီလျံကို ယနေ့ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ရေလွှမ်းမိုးမှုပြဿနာနှင့် ကယ်ဆယ်ရေး အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲသွားရန် အစိုးရအဖွဲ့သည် ရေလွှမ်းမိုးမှုဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အထောက် အကူပြု စင်တာတစ်ခု ထူထောင်သွားမည်ဖြစ်ကြောင်း ပေတုန်တန်က ဆက်လက်ပြောကြားခဲ့သည်။
သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်အဖွဲ့များသည် ရေများစီးဆင်းနေသည့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နောက်ထပ် ဖြစ်နိုင်ခြေရှိသော ရေလွှမ်းမိုးမှု အခြေအနေများအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်သွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု မြင့်တက်နေသလို မြောက်ပိုင်းနေရာဒေသအချို့တွင် မိုးသည်းထန် စွာ ရွာသွန်းနေသော်လည်း ရေများပြန်ကျလာပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် ဖြစ်ပွားသည့် ရေလွှမ်းမိုးမှုသည် ယခင်နှစ်များက ဖြစ်ပွားခဲ့ဖူးသော ရေလွှမ်းမိုးမှုများထက် ပိုမိုဆိုးရွားလိမ့်မည် မဟုတ်ကြောင်း အရာရှိများက မျှော်မှန်းထားသည်။
Photo- ထိုင်ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) နှင့် အဖွဲ့ (The Nation)