ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုမှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂) ဦး CDM ပြုလုပ်ကာ ဒေါနစစ်ကြောင်းထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
၎င်းစစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂) ဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့က ဒေါနစစ်ကြောင်းနှင့် ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေးအတွက် အမည်များအား လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရာရှိတစ်ယောက် M 3 တစ်လက်နက်၊ M 5 တစ်လက်နက်နဲ့ ကျည်ဆံ (၂၀၀) လောက်ပါလာတယ်။ နောက်တစ်ယောက်ကတော့ ဘာလက်နက်ခဲယမ်းမှတော့ပါမလာဘူး။ သူတို့ကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေတွေကို ချီးမြှင့်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် အရာရှိတစ်ဦးအား ၎င်းနှင့်အတူ ပါလာသည့် လက်နက်ခဲယမ်းအမျိုးအစားအပေါ်မူတည်ပြီး ဂုဏ်ပြုဆုငွေ ကျပ် (၁၁၅) သိန်းကျပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကျန်အရာရှိတစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ် (၁၀) သိန်း အသီးသီးချီးမြှင့်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ထို့အပြင် အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂) ဦးအား NUG ကာကွယ်ရေးဝန်ကြီးဌာနကတဆင့် ပြည်သူ့သားကောင်းများ အဖြစ် အသိအမှတ်ပြုထားကြောင်းလည်း သိရသည်။
လက်ရှိ CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဗိုလ်မှူအဆင့်ရှိ အရာရှိ (၂) ဦးအပြင် ဒေါနစစ်ကြောင်းထံအလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားပေါင်း (၁၀) ဦးရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်အရာရှိများအပါအဝင် တပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၁) ဦးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
Photo-အလင်းဝင်လာသည့် စစ်ကောင်စီအရာရှိအား ဂုဏ်ပြုစဥ်။