မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ထိစပ်နေသော ကြာအင်းဆိပ်ကြီးမြို့နယ် ဖားပြကျေးရွာကို ယမန်နေ့ ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်သောကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာ ၁၇) ည ၇ နာရီခွဲအချိန်ခန့်တွင် ဖားပြကျေးရွာသို့ အမည်မသိရသေးသော စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ၃ လုံးပစ်ခဲ့ရာတွင် ရွာအပြင်၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့ညက ရွာအပြင်မှာ လက်နက်ကြီး ၃ လုံးကျတယ်၊ လူအထိအခိုက်သတင်းမကြားသေးဘူး၊ ရွာသားတွေ အိမ်မှာမနေရဲလို့ ထွက်ပြေးနေကြပြီ၊ လွှတ်ရှမ်းကနေ အနန်းကွင်းတဝိုက်အထိ ရွာတွေမှာလည်း လူမကျန်သလောက်ပဲ အားလုံးထွက်ပြေးနေရတယ်”
သံဖြူဇရပ်-အနန်းကွင်းအကြားရှိ စစ်ကောင်စီထိုင်နေသော လွှတ်ရှမ်းဂိတ်ကို ပြီးခဲ့သည့် စက်တင်ဘာ (၁၂) ရက်နေ့က KNU ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ အနန်းကွင်းဗျူဟာကို KNU ဆက်လက်၍ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း ၄င်းက ဆက်ပြောသည်။
“အနန်းကွင်းဗျူဟာမှာ စစ်ကောင်စီအင်အား သိပ်မကျန်တော့ပါဘူး တလောကပဲ လွှတ်ရှမ်းကနေပြီး အင်အားတချို့လာဖြည့်ထားတယ်၊ KNU ဝိုင်းထားတော့ စိတ်ဓါတ်တွေလည်းကျနေပါပြီ၊ မကြာခင် အနန်းကွင်းဗျူဟာကို သိမ်းပိုက်နိုင်ပါလိမ့်မယ်” ဟု ၄င်းက ဆိုသည်။
လွှတ်ရှမ်းဂိတ်လက်လွှတ်ဆုံးရှုံးသွားပြီဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ဖားပြကျေးရွာနှင့်အနီးတဝိုက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ရွာသားများကို မောင်းထုတ်နေကြောင်း ၄င်းကယူဆသည်။
ဖားပြကျေးရွာအုပ်စုသည် မွန်နှင့်ကရင်လူမျိုး ရောစပ်နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေပေါင်း ၁၃၀၀ ကျော်၊ လူဦးရေ ၈၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း၊ မုဒုံ-ဘုရားငါးဆူ-တံခွန်တိုင်-ဖားပြ-အနန်းကွင်း ကားလမ်းပေါ်တွင်တည်ရှိပြီး ဘုရားငါးဆူရွာမှ အနန်းကွင်းထိ ၃၂ မိုင် ကွာဝေးသည်။
Photo-ဖားပြရွာတည်နေရာ (Google Map)