မြန်မာလူမျိုးတို့၌ မြန်မာမှုရှိသလိုပင် မွန်လူမျိုးတို့၌လည်း မွန်မှု ရှိဘိ၏။ မွန်အမျိုးသား မှန်သမျှ မွန်မှု အစုစုကို သိကြ၊ နား လည်ကြ၊ လိုက်စားလေ့လာကြဘို့ လို၏။ ယင်းသို့ လေ့လာ လိုက်စားရာ၌ စိတ်ထားသဘောထား မှန် ဘို့လို၏။ ယင်းသို့ စိတ်ထား သဘောထား မှန်ကန်ရန် ပြည်ထောင်စု စိတ်ဓါတ်နှင့် ပြည့်စုံဘို့ လို၏။
မွန်မျက်စိ ဖြင့်ကြည့်ရုံနှင့် အားရတင်း တိမ် ရောင့်ရဲခြင်း မရှိသေး မူ၍ ကမ္ဘာ့မျက်စိနှင့်ကြည့်ဘို့ မြင်ဘို့ လိုလေသည်။ ကမ္ဘာအရပ်ရပ်၌ ယခု ခေတ် နေထိုင်လျက် ရှိကြ ကုန်သော လူမျိုး အသီး သီးတို့သည် မိမိတို့၏ မူလ အိုးအိမ်ကို သုတေသန ပြု ကြကုန်၏။
ယင်းသို့ မူလ အိုးအိမ်များကို သုတေသနပြုကြရာဝယ် အမေရိကန် ပြည်ထောင်စုသားတို့အဖို့ မှာ အလွယ်ကူဆုံး ဖြစ်ဘိ၏။ အဘယ်ကြောင့်နည်းဟု စောဒနာပါလျှင် ထိုပြည်ထောင်စုသားများသည် မိမိတို့၏ မူလအိုးအိမ်ဖြစ်ကြ သော အင်္ဂလန်၊ ဥရောပတိုက်၊ အာဖရိကတိုက်တို့မှ ထွက်ခွာခဲ့ကြသော နှစ်ပေါင်း သုံးရာကျော်လေးရာ နီးပါး အများဆုံးကြာသေးသည်သာ ဖြစ်ပါသောကြောင့်တည်း။
မြန်မာလူမျိုးတို့သည် မိမိတို့၏ မူလအိုးအိမ်တည် ရှိရာကို မိမိတို့၏ အရပ်လေးမျက်နှာဆိုင်ရာ စာလေး လုံးတို့အနက်၊ ၂ လုံးတိုမှ သဲလွန်စကို ရကြ၏။
မြောက်သည် (မြစ်အောက်လျှင် ရင်းမြစ်ဖြစ်သည့် အတိုင်း) စိန ဘာသာဖြင့် “ဟွန်ဟို” ဟု ခေါ်သော မြစ်ဝါ မြစ်ဖျားခံရာသည် မြောက်ဘက် နယ်နိမိတ်ဖြစ် ၏။ တရုတ်ဘာသာဖြင့် “ထီယန်ရှန်” ဟု ခေါ်သော မိုးထိအောင် မြင့်သော တောင်မြင့်သည်၊ တောင် ဘက်နယ်နိမိတ် ဖြစ်ခဲ့ချေသည်။
မွန်တို့၏ မူလအိုးအိမ်ကိုကား၊ “သၠုင်ကျာ”ဟူသော လေညာအရပ်နှင့် “သၟဝ်ကျာ”ဟူသော လေအောက် အရပ်တို့က သဲလွန်စပြကြ၏။ အမြဲတမ်းလိုလို တနှစ်တွင် ၉ လ အနည်းဆုံးသဲပါလာသော လေ၏ဒဏ်ကို ခံရသော အရပ်ကို ရည်ညွှန်းရကား၊ ဂိုဗီသဲကန္တာရ၏ မြောက်ဘက်အရပ်၊ အထက်အရပ်၊ လေအောက်အရပ်၌ မွန် တို့မဆွက နှစ်ပေါင်းသောင်းနှင့်ချီ၍ ရေတွက်ရမည့် ရှေးကာလအခါဝယ် နေထိုင်ခဲ့ကြချေသည်။
ထိုသဲပါလာသော လေ၏ ဒဏ်ကို မခံနိုင်တော့သော ရှေးမွန်အမျိုးသား အမျိုးသမီးပေါင်း သောင်းသိန်းသန်းကုဋေ တို့သည် ဂိုဗီသဲကန္တာရကြီးကို အရှေ့ဘက်မှ ပတ်ကွေ့၍၎င်း၊ အနောက်ဘက်မှ ပတ်လှည့်၍၎င်း၊ လေအောက်ဘက်သို့ စုန်ဆင်းလာခဲ့ကြရရှာလေသည်။
ထိုစဉ်က ဂိုဗီသဲကန္တာရကို အရှေ့ ဘက်မှ ပတ်၍ ဆင်းလာကြသော လမ်းခရီးသည် ဖူးကင်း၊ အမွိုင်၊ ဆွာတောင်၊ ကန်တုံနယ်များကို ဖြတ်လာခဲ့ကြောင်း၊ ထိုနယ်များ၌ ယခုတိုင်အောင် တည်မြဲလျက် ကျန်နေသေးသော ထမင်းစား ရေ သောက်၊ စကားလုံးများက၊ သက်သေ ခံနေလေသည်။
ပစိဖိတ် သမုဒ္ဒရာ ကမ်းပါးတလျှောက် ဆင်းလာခဲ့ရာ အန်နန်ပြည်သို ရောက်ခဲ့ကြသော မွန်တို့ကို မွန်အန်နန်ဟု ခေါ်ခဲ့ကြ၏။ ကမ္ဘောဒီးယားသို့ ရောက်သော မွန်တို့ကို မွန်ခမာဟု ခေါ်ကြ၏။
ဧရာဝတီမြစ်ကို အမှီပြုကာ မြန်မာပြည်တွင်းသို့ ဆင်းလာခဲ့ကြသော မွန်တို့သည် အချို့ အဝက်ကွဲလျက် ဧရာ ဝတီမြစ်၏ အထက်ပိုင်း မြေပြင်ချိုင့်ဝှမ်း ကုန်းမြင့်တောင်ရိုးတို့၌ နေခဲ့ကြရကား၊ ယခုအခါ ဝ-လူမျိုး၊ ရိယန်လူမျိုး၊ ပလောင်လူမျိုးတို့ ဖြစ်နေကြလေသည်။
ဆက်လက်၍ ဧရာဝတီမြစ်ရိုးအတိုင်း ဆင်းလာခဲ့ကြသော ရှေးမွန်တို့သည် ယခုအခါ ပုသိမ်ဟု ဆိုအပ်သော ကုသိဟ-မဏ္ဍလ၊ ပဲခူးဒေသဟု ဆိုအပ်သော ဟံသာဝတီမဏ္ဍလ၊ မုတ္တမ မော်လမြိုင်ဒေသဟု ဆိုအပ်သော မုတ္တမ မဏ္ဍလဟု မပေါ်ထွန်းမီ အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ကမ်းရိုးတန်းတလျှောက်၊ နေထိုင် လာခဲ့ကြသည်သာမက -မြိတ်၊ တနင်္သာရီ ကမ်းခြေအနီး ကျွန်းစုများသိုပင် ဝင်ရောက် နေကြလေသည်။ ထိုမွန်တို့ကို ယခုအခါ ဆလုံ လူမျိုးဟု ခေါ်ကြလေသည်။
ထိုဒေသများသို့ ရောက်ရုံနှင့် အားမရသေး ယခုအခါ မလေးရှားဟု ခေါ်ကြသော မလယဒေသ ၌၎င်း၊ ထိုဒေသထက် ကျော်လွန်၍ ယခုအခါ အင်ဒိုနီးရှားဟု ခေါ်ဆိုကြသော သုဝဏ္ဏဒီပ၊ ယဝဒီပတို့သို့လည်း ရောက်အောင် သွားကြကာ နေထိုင်ခဲ့ကြလေသည်။
ဂိုဗီသဲကန္တာရ၏ အနောက်ဘက်မှ လေအောက်သို့ ကွေ့ဆင်းခဲ့ကြသော မွန်လူမျိုးတိုသည် ဗြဟ္မပုတြ မြစ်ကြောင်းကိုအမှီပြုကာ ယခုအခါ အိန္ဒိယအရှေ့ပိုင်းဟုခေါ်ကြသော ရှေးအခါက အင်္ဂတိုင်း၊ မဂဓ တိုင်းတို့သို့ ရောက်ကြသည်သာမက အနောက်ဘက် အစွန်ဆုံး အိန္ဒိယကို ကျော်လွန်ကာ အာဖရိက တိုက်အနီး မဒဂစကာ ကျွန်းကြီးသို့ပင် ရောက်ခဲ့ကြ၊ နေထိုင်ခဲ့ကြသည်ဟု လူမျိုးအပါးပါးဆိုင်ရာ သုတေသနပညာရှင်တို့က မွန်ဘာသာ ဝေါဟာရ စာလုံး များနှင့် အသွင်တူသော ယခု အိန္ဒိယအရှေ့ဖျား မုန္ဒဘာသာ၊ ခါဆိဘာသာတို့ကို သာဓကအထောက် အထားပြကြလေသည်။
ပါမောက္ခဒေါက်တာလုစ်၏ သုတေသနအရ အချို့သော မွန်စကားနှင့် မဒဂ စကာ ကျွန်းသားစကားများ တူကြသည်ဆို၏။ ထိုနည်းတူ ရှေးဟောင်းမလေးစကားများ၊ ရှေးဟောင်း အင်ဒိုနီးရှား ကျောက်စာများသည် ရှေးဟောင်း မွန်ဝေါဟာရနှင့် ရှေးကျသော မွန် ကျောက်စာများပါ အလားတူ ဖြစ်ကြ၏။
ထိုမျှမကသေး ယခုတိုင် ယိုးဒယားတို့၏ တိုင်းပြည်၌လည်း မွန်တို့သည် မိမိတို့၏ ထီးနန်းစည်းစိမ်နှင့်တကွ နေထိုင်ခဲ့ကြသေးသည်ကို မြန်မာပြည်၏ ရှေးအကျဆုံး အနော်ရထာ အုတ်ခွက်စာ၊ ကျန်စစ်သား ကျောက်စာများထက် နှစ်ငါးရာနီးပါး ပိုမိုရှေးကျသော ပရဖထုံ ရှေးမွန်ကျောက်စာ၊ နှစ်ပေါင်းလေးရာကျော် ပိုမိုရှေးကျသော လော့ပူရီမွန်ကျောက်စာ၊ နှစ်ပေါင်း သုံးရာကျော် ပိုမိုရှေးကျသော လင်ဖုန်းရှေးမွန်ကျောက်စာတို့က၎င်း သက်သေအခိုင်အမာ ခံကြလေသည်။
အဆိုပါ ကျောက်စာများလာ စာသားများကို ဘတ်ကြည့်လိုက်လျှင် အိန္ဒိယ ယဉ်ကျေးမှုဟုဆိုအပ်သော ထေရဝါဒ ဗုဒ္ဓသာသနာ၊ ပါဠိဘာသာနှင့် သင်္သကရိုဌ် ဘာသာတို့၏ လွှမ်းမိုးထားမှုကို မြင်ရတွေ့ရပေလိမ့်မည်။ ´ယခုထိအောင် မွန်အမျိုးသားများ သုံးစွဲရေးသား ဘတ်ရွတ်လာခဲ့ကြသော စာလုံးများတွင် မွန်စကားရင်း ပျောက်ကွယ်ကာ ပါဠိသက်၊ သက္ကတသက်မွန်ဝေါဟါရများချည်းသက်သက် ဖြစ်နေသည်ကို မြင်ရတွေ့ရ ဘတ်ရှုရ၏။
ကရာန်၊ ဇိုင်၊ မုက်၊ အဒိုတ်၊ စန်၊ သိုက်၊ ဒိုက် စသော ဝေါဟာရတိုသည် တောရဏ၊ ဇင်္ဃ၊ မုခ၊ အဒိကျ၊ အာဒိန္ဒ၊ စန္ဒ၊ သုက၊ သုကြ၊ သုခ၊ ဒုက္ခစသော ပါဠိပုဒ်၊ သင်္သကရိုဋ်ပုဒ်တို့မှ ဆင်းသက် လာခဲ့ကြသော စာလုံးများ ဖြစ်ကြလေ သည်။
ထိုကြောင့် မွန်မှု၊ သုတေသန ပြုလုပ်သူတို့သည် ထိုပါဠိသက်၊ သက္ကတသက် ဝေါဟာရများ အတွက် မွန်စကားစစ်စစ်ကို လိုက်ရှာလိုကြပါလျှင် မိမိတို့၏ မိရိုးဖလာ၊ မွန်စာပေ၊ ဘာသာဝေါဟာရကိုသာလျှင် မက မိမိတို့၏ မိသားစု ဘာသန္တရများ ဖြစ်ကြသော မြန်မာနိုင်ငံအတွင်း၌ဆိုလျှင် ပလောင်ဘာသာ၊ ၀- ဘာသာ၊ ရိယန်ဘာသာ၊ ဆလုံဘာသာ၊ ပိုးကရင် ဘာသာတို့ကို၎င်း၊ ပြည်ပ၌ဆိုလျှင် အန်နန်ဘာသာ၊ ခမာ-ဘာသာတို့ကို၎င်း၊ လေ့လာလိုက်စား ကျက်မှတ် စုဆောင်းကြရာသည်။
ယင်းသို့ လိုက်စား လေ့လာစုဆောင်းခြင်းတို့ဖြင့် သုတေသနပြုကြမည်ဆိုပါလျှင် ထိုဘာသာဝေါဟာရ ကို ပြောဆိုအသုံးပြုကြသော စာပေသိုမှီး ဘတ်ရှုကြသော အရပ်ဒေသများကို သွားရောက်ကာ ထိုမိသားစု သားချင်းများနှင့် တွေဆုံနှီးနှော ပြောဆိုမှတ်သားကြပါမှ ယထာဘူတ အမှန်အစစ် ဇစ်မြစ်မူလ စာလုံးတို့ကို အဟုတ်ဖြစ်သော အသံထွက်နှင့်တကွ ရကြမည် ဖြစ်ပါသတည်း။
မွန်သက် မြန်မာ စာလုံးတို့သည် မြန်မာမှု၌ များစွာ ဝင်ရောက်နေခဲ့ကြသည်လည်း ဖြစ်ဘိရာ မြန်မာမှုကို ပြည့်ပြည့်ဝဝ မလေ့လာ မလိုက်စားကြပါမူ မွန်မှုသုတေသနသည် ပြည့်စုံလိမ့်မည် မဟုတ်ချေ။
ပုံစံ သာဓက အထောက်အထားကို တင်ပြရပါမူ မြို့ရွာအရပ် ဒေသ နာမည်များကိုပင် ကြည့်ကြပါစို့။ အနီးကပ်ဆုံး အသုံးအများဆုံး မြို့နာမည်သည် ရန်ကုန်ဖြစ်၏။ ရန်ကုန်သည် မြို့အမည် ဖြစ်သိသော်ငြားလည်း ယင်းမြို့၌တည်ရှိသော ကမ္ဘာကျော်၊ တန်ခိုး ကြီး စေတီ ပုထိုးသည် ဒဂုန် ဆံတော်ရှင် ဖြစ်ဘိ၏။ ကျိုက္ခမီရေလယ်ဘုရားကို အကြောင်းပြု၍ အနီးရှိ မြို့ကို ကျိုက္ခမီမြို့ဟု အမည်ပေးခဲ့ပါလျှင် ထိုနည်းတူစွာ ခြေတွဲလွဲချ၍ ထိုင်တော်မူနေသော ကျိုက်မရောဘုရား ဆင်းတုတော်ကို အစွဲပြု၍ ထိုဆင်းတု သီတင်းသုံးသောမြို့ကို ကျိုက်မရောဟု ခေါ်ဆိုကြပါလျှင် “ဒဂုန်” ဆံတော်ရှင်၏ ကိန်းအောင်းတည်ရှိရာမြို့ကို “ဒဂုန်မြို့” ဟု ခေါ်ဆိုသင့်သည် မဟုတ်ပါလောဟု တွေးတော မြော်ခေါ်ခြင်းဖြင့် ရင်းမြစ်မူလ မွန်ဝေါဟာရ ဖြစ်သော“ဍုင်ဒဂုင်”သိုမဟုတ်“ဍုင်လဂုင်”ကို ရနိုင်ချေသည်။
ပုစွန်တောင်၊ တောင်လုံးပြန်၊ ဒေါပုန်ဟု ဆိုအပ် သော ရပ်ကွက်အမည်များသည်လည်း၊ မွန်သက်မြန် မာဝေါဟာရများဖြစ်ကြရာ ထိုရပ်ကွက်တို့နှင့် နီးစပ်သော မင်္ဂလာတောင်ညွန့်က သဲလွန်စ ပြနေလေသည်။ ကုန်းမြင့်မြင့် ခင်ရိုးခင်တန်းငယ်ငယ်ကို မွန်တို့က “ဒဵု” ဟု ရေးသာကြရာ “ဒေ” ဟု၄င်း ရွတ်ကြဘတ်ကြ၏။
အရေအတွက်ဖြစ်ကြသော လေးနှင့် ငါးကို“ပန်””နှင့် “မသုန်””ဟုရေးသား ကြကာ ပေါန်၊ ပစုန်ဟု ရွတ်ဘတ်ကြရာဝယ် မြန်မာတို့၏နား၌ ပုန်ဟု၎င်း၊ ပစွန်ဟု၎င်း ကြားလိုက်ကြလေသည်။ ထိုကြောင့် တောင်ကုန်း ၅ ကုန်းဟု မြန်မာစာလုံးစစ်စစ်ဖြင့် ခေါ်ရမည့် ရပ်ကွက်ကို မွန်အသံထွက်အတိုင်း မြန်မာလို လိုက်ရေးပြီးလျှင် ဒေကို တောင်ဟု ပုစွန်တောင်၊ တောင်လုံးပြန်တို့၌ မြန်မာလို ဘာသာပြန် ဆိုလိုက်သော်လည်း ဒေါပုန်၌မူ မွန်အသံထွက်အတိုင်း မြန်မာလို ရေးကြ၊ ရွတ်ကြ၊ ဘတ်လိုက်ကြလေသည်။
ယင်းသို့ မြန်မာမှုတို့နှင့် မွန်မှုကို တခုနှင့်တခု ဆက်စပ်နေကြသည်ကို သဲလွန်စ ရသွားသော မွန်မှု သုတေသန လိုက်စားလေ့လာသူသည် ရန်ကုန်မြို့ရှိ အခြား ရပ်ကွက် အမည်များ၌ အောက်ပါအတိုင်း မြန်မာမှုနှင့် မွန်မှုတို့ ဆက်စပ်နေကြပုံများကို သိလာချေမည် ဖြစ်ပါသတည်း။
တာမွေသည် မူလမွန်“တာ”ဖြစ်၏။ ထန်းတပင် ဟု မြန်မာလိုအဓိပ္ပါယ်ရ၏။ ကြည့်မြင်တိုင်သည် မူလမွန်“ကၟာင်ဍုင်” ဖြစ်၏။ “မြို့ရိုး”မြန်မာလိုအဓိပ္ပါယ်ရ၏။
ဒဂုန်ဆံတော်ရှင်စေတီ ကို ငယ်သောစေတီဘဝမှ ယခုအခါမြင်ကြ၊ ဖူးကြရ သလို၊ မြင့်မား ကြီးကျယ်ရုံမက ရှင်ပြင်တော်ခိုင်ခံ့ ကျယ်ဝန်း သပ်ယပ်အောင်၎င်း၊ မဟာရံ တံတိုင်းနှင့် တကွ ဖြစ်လာရန်၎င်း၊ ထန်းပင်၊ အုန်းပင်၊ သရက်ပင်များနှင့် စိမ်းလန်း စိုပြေအောင်၎င်း၊ ဆောင်ရွက် ခြင်းတည်းဟူသော ဗုဒ္ဓဝေယျာဝစ္စ ပြုလုပ်ဘို့ ဘုရင်မ အဖြစ်ကို စွန့်လွှတ်လျက် သမက်တော်ကို ဟံသာဝတီပဲခူးထီးနန်းကိုအပ်ကာ ယာယီမြို့နှင့် ယာယီနန်း ဆောက်လုပ်ကာ ဒဂုန်ဆံတော်ရှင်၏ ခြေရင်းဟု ဆိုအပ်သော ယခုမြေနီကုန်းဟု ခေါ်ကြသော ရပ်ကွက် အရပ်ဒေသ၌ နေထိုင်သွားသည် ဖြစ်ရာ ဘုရင်မ ရှင်စောပု တူးသွားသော ကျုံးများအနီးတည်ရှိသော မြို့ရိုး ကုန်းမြင့်တန်းများကြောင့် “ကၟာင်ဍုင်” ကြည့်မြင်တိုင်ဟု ထိုအရပ်ဒေသကို ခေါ်ဆိုကြလေသည်။
ကမာရွတ်သည် မူလမွန် “ကၟာရတ်” ရတနာရေကန်ဟု အဓိပ္ပါယ်ရ၏။
ကို့တိုင်း သိုမဟုတ် ကုတ်ကိုင်းသည်၊ မူလမွန် ““ကိုဟ်ကိုန်” “ဒကိုဟ်ဒကိုန်”ဖြစ်၏။ ကြာပန်း ကြာ ပွင့်များဟု အဓိပ္ပါယ်ရ၏။ အင်းယား သို့မဟုတ် အင်းလျားသည် မူလ မွန် “အင်လှာ””ဖြစ်၏။ ကျယ်ပြန့်ကြီးမားသော ရေကန်ကြီးဟု အဓိပ္ပါယ်ရ၏။
အင်းစိန်သည် မူလမွန် “အင်စိင်”ဖြစ်၏။ ဆင် အင်း သို့မဟုတ် ဆင်ရေကန်ဟု အဓိပ္ပါယ်ရ၏။ မင်္ဂလာဒုံသည် မူလ မွန်“မင်ဂြာယ်ဍုင်” ဖြစ်၏။ သမင်ဒရယ် ပေါသောမြို့ဟု အဓိပ္ပါယ်ရ၏။
ရန်ကုန်မှ ပဲခူးသွားရာကားလမ်းရှိ အင်းတိုင်နှင့် အင်းတကော်တို့သည် မူလမွန်“အင်ဒကိုန်””နှင့်“အင်ဒကိုဟ်””တို့ ဖြစ်ကြ၏။ ကြာအင်းကြာအိုင်ဟု အဓိပ္ပါယ် ရကြ၏။
ပဲခူး-မုတ္တမမီးရထားလမ်း၌ နောင်ပတ္တရားသည် မူလမွန် “နံင်ပေါက္ခရ””ဖြစ်၏။ နံင်သည်၎င်း ၊ နင်သည် ၎င်း ၊ အင်သည်၎င်း၊ ရေကန် အင်းအိုင်ကို ဟော၏။ ပေါက္ခရသည် ပါဠိမှမွန်တို့က သိမ်းသွင်းထားသော စကားဖြစ်၏။ ကြာကိုဟော၏။ ထိုကြောင့် နောင် ပတ္တရား“နံင်ပေါက္ခရ”သည် ကြာအင်းဟုအဓိပ္ပါယ်ရ ပါသတည်း။ ယင်းသို့လျှင် မြို့ရွာ ဒေသအမည်များနှင့် ပတ်သက်၍ မြန်မာမှုကို လေ့လာလိုက်စားခြင်းဖြင့် မွန် မှုသုတေသနကို ပြုလုပ်နိုင်ပါသတည်း။
ထိုမှတပါး မြန်မာ့ထီးနန်းနှင့်ပတ်သက်သော မြန် မာမှုကို လေ့လာ လိုက်စားခြင်းဖြင့်လည်း မွန်မှုဆိုင် ရာ သုတေသနပြုလုပ်နိုင်ကြသည်ကား မြန်မာတို့က ရွှေဘုံရွှေနန်းနှင့် ရွှေထောင်ဟုခေါ်ကြသည်တွင် နန်း သည် မူလမဆွက မိသဇ် ၂ လုံးပေါက် မပါသော မွန်ဝေါဟာရ “နန်”ဖြစ်ချေသည်။ “နန်ပြာသာဒ်””ဟု လည်း ခေါ်ကြသည်။
နန်းတော်နှင့်တကွ မြို့ရိုးကိုဝန်း ရှိနေသော ကျုံးသည် မူလမွန် ဝေါဟာရ ““ကြုင်’ ဖြစ်၏။ ချောင်းမြစ်ဟု အဓိပ္ပါယ်ရ၏။ မြို့ရိုးပေါ်ရှိပြ အိုးသည် မူလမွန် ““နုင်ပြ” ဖြစ်၏။
နန်းတော်၏ အဆောင်တခုဖြစ်သော ဗြဲတိုက်သည် မူလမွန် ဝေါ ဟာရ “တိုက်ဗၠာဲ” ဖြစ်၏။ လူပျိုတို့၏ တိုက်ခန်း ဆောင်ဟု အဓိပ္ပါယ်ရ၏။
အိမ်အသုံးအဆောင်တို့၌လည်း မြန်မာတို့၏ ခွက် ယောက်ဇွန်းပန်းကန်တိုတွင် ပန်းကန်သည် မူလမွန် ဝေါဟာရ “ပ္ရာန်”ဖြစ်၏။ ရခိုင်နှင့် ထားဝယ်တိုက ဟင်းစားဟုရေးကြကာ ဟန်းဇား ဟု ရွတ်ဘတ်ကြ၏။ ဇွန်းသည် မူလမွန် ဝေါဟာရ “ဇန်” ဖြစ်လေသည်။
မြန်မာမှုကိုသာမက ပြည်ထောင်စု ယဉ်ကျေးမှု ဟုဆိုအပ်သော ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း အမျိုးသားတို့၏ ဘာသာ ဝေါဟာရစာပေ၊ တတ်နိုင်ပါလျှင် မွန်တို့၏ သားချင်းများ ဖြစ်ခဲ့ကြသော ပလောင်၊ ၀၊ ရိယန်၊ ဆလုံတို့၏ ဘာသာဝေါဟာရစာပေများ၊ မလေးရှားရှိ ရှေးဟောင်း ပသျှူး ဘာသာ စာပေ ဝေါဟာရများ၊ အင်ဒိုနီးရှား ရှေး ဟောင်း ဘာသာ ဝေါဟာရ စာပေနှင့် အိန္ဒိယ အရှေ့ပိုင်းရှိ မုန္ဒနှင့် ခါဆိ-ဘာသာ ဝေါဟာရ စာပေများကို လေ့လာ လိုက်စား သင့်ကြချေသည်။
ဆိုအပ်ခဲ့ပြီးသည့်အတိုင်း မွန်အမျိုးသား မွန်အမျိုးသမီး အပေါင်းတိုသည် ကျဉ်းမြောင်းသော စဉ်းစားတွေးခေါ်မှုကို မပြုမူ၍ ပြည်ထောင်စုစိတ်ဓါတ် ကမ္ဘာ့ယဉ်ကျေးမှု စိတ်ဓါတ်တို့နှင့် ပြည့်စုံရာ မွန်မှုကို ကြွယ်ဝ ပြည့်စုံလာအောင် ဆောင်ရွက်ပြုလုပ်ကြရာသတည်း။ – ။
လူဖေဝင်း
၂၇-၉-၇၁