ထိုင်းနိုင်ငံ ကန်ချနပူရီ အမျိုးသားဥယျာဉ်တခု၌ တရားမဝင်လက်နက်များအပါအဝင် နယ်မြေကျူးကျော်နေထိုင်သော ဆံရှည်ကရင်လူမျိုး ၃၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
Si Sawat ခရိုင်သစ်တောတွင် နိုင်ငံခြားသားတစ်စု စခန်းချထားကြောင်း ထိုင်းရွာသားတချို့က Khuean Srinagarindra National Park အမျိုးသားဥယျာဥ်တာဝန်ရှိသူထံ အသိပေးတိုင်ကြားခဲ့ပြီးနောက် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်းများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ထိုင်းအာဏာပိုင်းများက ဝင်ရောက်စီးနင်းခဲ့ရာတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၉ ဦး၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားမရှိဘဲ ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ကရင်လူမျိုးများသည် ထိုင်း သို့မဟုတ် မြန်မာနိုင်ငံမှ ဖြစ်နိုင်ကြောင်း ထိုင်းတာဝန်ရှိသူက ပြောသည်။
၎င်းတို့နှင့်အတူ စခန်းထဲတွင် သေနတ် ၅ လက်၊ ကျည်ကာ၊ ဓါးများ၊ လွှများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဖုန်းများကဲ့သို့ အခြားပစ္စည်းများကိုလည်း တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းတို့သည် တောထဲတွင် စခန်းချ၍ “ထူးဆန်းသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ” နှင့် ဘာသာရေးဂိုဏ်းတစ်ခုကဲ့သို့ ဖွဲ့စည်းထားကြောင်း၊ ဘာသာရေးခေါင်းဆောင်တစ်ဦး၏ ထူးဆန်းသော ရိုးရာဓလေ့များကို လူအများ လက်ခံလာရန် ဒေသခံထိုင်းပြည်သူများကို ခြိမ်းခြောက်နေကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အမျိုးသားဥယျာဉ်တွင် ပိုင်နက်ကျူးလွန်မှု၊ တရားမ၀င် ၀င်ရောက်မှုတို့ဖြင့် တရားစွဲရန် စီစဝတ်ခ ရဲစခန်းကို ပို့ဆောင်ထားကြောင်း သတင်းက ဖော်ပြသည်။
Photo; ကျူးကျော်နေထိုင်သူများနှင့် တရားမဝင်လက်နက်များ (The Nation)