ကျိုက်ထိုမြို့နယ်အခြေစိုက် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တည်ထောင်ပြီး (၃) နှစ်တာကာလအတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် သတင်းပေးဒလန် စုစုပေါင်း (၁၈၂) ဦးအား ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ယမန်နေ့ထုတ် ၎င်းအဖွဲ့၏ သဝဏ်လွှာတွင် ဖေါ်ပြခဲ့သည်။
အဆိုပါ (၃) နှစ်တာကာလအတွင်း KRF အနေဖြင့် ပြည်တွင်း/ပြည်ပ မှ ပြည်သူများ၏ ထောက်ပံ့ကူညီမှုများဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ခဲ့သည့် လုပ်ငန်းစဉ်အများအပြားကို လုပ်ဆောင်ခဲ့ပြီး၊ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် သတင်းပေးဒလန်များအား တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့်ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ ရှင်းလင်းသုတ်သင်ခြင်း လုပ်ငန်းများအား အကြိမ် (၁၂၀) ထက်မနည်းလုပ်ဆောင်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
ထို့ပြင် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်အောက်ခံ (၂၀၇) ဦးခန့်ကိုလည်း ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့သလို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ ရဲဘော် (၁၃) ဦးအထိ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်းလည်း KRF ၏ သဝဏ်လွှာတွင် ဆိုထားသည်။
ဆက်လက်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF ) (၃) နှစ်ပြည့်မှသည် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု ကျဆုံးခဲ့ရသော ရဲဘော်များကို သက်သေတိုင်တည်၍ သစ္စာပြုပါကြောင်း (၃) နှစ်ပြည့် သဝဏ်လွှာတွင် ဖေါ်ပြထားချက်အရ သိရသည်။
လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံကို ပုံဖော်ထုဆစ်နေသော အရပ်သားအစိုးရလက်ထဲမှ (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့အာဏာကို လုယူခဲ့သည့် စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မည်ဟု ခံယူချက်ခြင်းတူညီခဲ့ကြသော နေရာဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုများ စုပေါင်း၍ ကျိုက်ထိုတော်လှန်ရေးအင်အားစု (Kyaikhto Revolution Force – KRF ) ကို စတင်တည်ထောင်ခဲ့သည်မှာ ယခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် (၃) နှစ်တိတိ ပြည့်မြောက်ခဲ့သည်ဟု ဆိုသည်။