သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က ထို အတွင်းစခန်းကြီကျေးရွာအနီး ရော်ဘာခြံအတွင်းလက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့်လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် (၃၇) နှစ်အရွယ် ဦးဉာဏ်ထွန်း ဆိုသူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးထိသွားတဲ့ ဦးဉာဏ်ထွန်းရဲ့ နောက်ကျောမှာ ပေါက်ပြဲဒဏ်ရာ (၂) ချက်ရသွားတယ်။ ဒဏ်ရာကတော်တော်ပြင်းထန်တယ်” ဟု ၎င်းဒေသခံ ကဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဦးဉာဏ်ထွန်းမှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ထို့ပြင် စခန်းကြီးကျေးရွာအနီးရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်သို့ ရောက်ရှိလာသော KNU/PDF အဖွဲ့ဝင်များ မော်တော်ကားများကို တားဆီးရာမှ စစ်ကောင်စီက လက်နက်ကြီးဖြင့် အဝေးမှလှမ်းပစ်ခဲ့ကြောင်း ကားသမားတစ်ဦးက ပြောသည်။
“KNU/PDF တွေ လမ်းမပေါ်ကားတွေထွက်တားတဲ့အချိန် ကျနော်တို့ကားလည်း ရောက်လာတယ်၊ စခန်းကြီးအနီးက ဝက်သားဆိုင်တန်းအနီးမှာပါ၊ တခါတည်းမှာဘဲ လက်နက်ကြီးပေါက်ကွဲသံကြားတာနဲ့ ကျနော်တို့ကားတွေအားလုံး မောင်းထွက် ပြေးခဲ့ရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာအနီး ရော်ဘာခြံအတွင်း ဒေသခံခြံသမားတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့ညပိုင်းအချိန်ကလည်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးရှိ ရော်ဘာခြံထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်ကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။