ကောင်းဝါ-ဇွန်၃၀၊ ၂၀၂၃။
ရန်ကုန် – မော်လမြိုင် အမှတ်(၈) အဝေးပြေးမော်တော်ကားလမ်းမပေါ် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရွှေသံလွင်တိုးဂိတ်အဟောင်းတွင်ရှိသည့် အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဇွန်လ (၃၀) ရက် နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်က Drop Bomb ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ထိုသို့ Drop Bomb ဖြင့်တိုက်ခိုက်ရာတွင် ဗုံးတစ်လုံးမှာ ရွှေသံလွင်တိုးဂိတ်အဟောင်း၏ အနောက်မြောက်ဘက် ကိုက် (၁၀၀) ခန့်အကွာ ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး မြေသားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ နောက်ဗုံးတစ်လုံးမှာ ရွှေသံလွင်တိုးဂိတ်မြောက်ဘက် ကိုင် (၅၀) ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက “Drop Bomb နောက်တစ်လုံးက ရွှေသံလွင်တိုးဂိတ်ဝင်းအတွင်းမှာရှိတဲ့ ခြင်းကွင်းထဲကို ကျသွားတာလို့ သိရတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ပြောကြားသည်။
ယမန်နေ့ (ဇွန်လ (၂၉) ရက်) နံနက် (၄) နာရီခွဲချိန်ခန့်က ရန်ကုန် – မော်လမြိုင်ကားလမ်း မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ် တံတားအား KNU တပ်မဟာ (၁) မှ မိုင်းခွဲဖျက်ဆီးခဲ့ရာ အရှည် (၉၅) ပေ၊ တံတားအကျယ် (၄၁) ပေခန့်ရှိ ကျုံအိတ်တံတားမှာ (၂၇) ပေခန့်ပြိုကျပျက်စီးခဲ့ပြီး၊ မော်တော်ယာဉ်နှစ်စီးမှာလည်း ချောင်းအတွင်းပြုတ်ကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် တံတားအစွန်းရှိ မော်တော်ယာဉ်တစ်စီးမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အဆိုပါကျုံအိတ်တံတားအား စစ်ဆေးရန် ကျိုက်ထိုနှင့် သထုံခရိုင်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများလာရောက်ကြစဉ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးခဲ့ပြီး၊ မြန်မာစစ်တပ် မှ (၁၂) ဦး၊ ရဲတပ်ဖွဲ့ဝင် (၉) ဦး၊ ထွေ/အုပ်ဝန်ထမ်း (၂) ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦး နှင့် ရွှေသံလွင်ကုမ္ပဏီမှ ဝန်ထမ်း (၂) ဦး စုစုပေါင်း ၃၀ နီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။