မြန်မာနိုင်ငံနယ်စပ်မှ သယ်ဆောင်လာသော ဘတ်ငွေ သန်း ၁,၀၀၀ ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါး ၁ ဒဿမ ၃ တန်ကျော်ကို မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိကြောင်း ထိုင်းအာဏာပိုင်တို့က သတင်းထုတ်ပြန်ခဲ့သည်။
မဲဆောက်-တာ့ခ်အဝေးပြေးလမ်းပေါ်ရှိ Huai Ya-U စစ်ဆေးရေးဂိတ် checkpoint ၌ ဟင်းသီး ဟင်းရွက်များတင်လာသော ကုန်တင်ကားငယ်တစီးကို သက်ဆိုင်ရာက အသေးစိတ်စစ်ဆေးရာမှ ဖွက်ယူသယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို စက်တင်ဘာလ (၉) ရက် နေ့က ဖမ်းဆီးရမိပြီး ထိုင်းအာဏာပိုင်တို့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းအရာရှိက “ဟင်းသီးဟင်းရွက်ကားအသွင်ဖန်တီးထားတဲ့ကားပေါ်မှာ အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်နဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေ ကာလတန်ဖိုးဘတ်ငွေသန်းပေါင်း တထောင်ကျော်ရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိတာဖြစ်ပါတယ်၊ ဆာလာအိတ် ၃၀ ထဲမှာ အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုနဲ့အိတ် ၁၅ လုံးထဲမှာတာ့ ketamine စိတ်ကြွဆေး ၅၄၉ ကီလို ဖမ်းဆီးခဲ့တာပါ။ အားလုံးပေါင်းရင်တော့ မူးယစ်ဆေးအလေးချိန် တစ်တန်ကျော် သယ်ဆောင်လာတာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်အရွယ် တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်သူ ကားမောင်းသမား၏ ၀န်ခံချက်အရ ၄င်းမူးယစ်ဆေး၀ါးများကို တာ့ခ်ခရိုင် မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်မှ Kamphaengphet နေရာအထိရောက်အောင် ဘတ်ငွေတစ်သိန်း အခကြေးငွေယူ၍ သယ်ဆောင်လာခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
အလားတူ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် ထိုင်းစစ်တပ် အမှတ် (၃) ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြန်မာဘက်ကဝင်လာသော လက်နက်ကိုင်မူးယစ်ဂိုဏ်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မူးယစ်လက်နက်ကိုင်ဘက်က ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
Photo-ဟင်းသီးဟင်းရွက်ကြားတွင် သယ်ဆောင်လာသော မူးယစ်ဆေးဝါးတစ်တန်ကျော် ဖမ်းဆီးမိစဥ် (Royal Thai Army)