ချောင်းဆုံမြို့နယ် မုကွဲကျေးရွာမှ ကျောင်းဆရာမအသတ်ခံမှုနှင့် ပတ်သက်ပြီး သံသယတရားခံမှာ ၎င်း၏ချစ်သူဖြစ်သည်ဟု ယူဆစရာရှိပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုဖြစ်စဉ်မှာ ပြီးခဲသည့် စက်တင်ဘာလ (၁) ရက်နေ့က အ.မ.က (မုကွဲ) ကျောင်းမှ ကျောင်းဆရာမဖြစ်သူ အသက် (၂၇) နှစ်အရွယ် ဒေါ်ချစ်ချစ်ထူး (ခ) ထူးထူးမှာ နေအိမ်မှထွက်ခွာသွားပြီးနောက် မိသားစုဝင်များနှင့် အဆက်သွယ်မရရှိသောကြောင့် မိသားစုဝင်များက ချောင်းဆုံမြို့မရဲစခန်းတွင် လူပျောက်မှုတိုက်ကြားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးခဲ့ရာမှ စက်တင်ဘာလ (၁) ရက်နေ့က အသတ်ခံခဲ့ရသူ ဆရာမဒေါ်ချစ်ချစ်ထူး (ခ) ထူးထူး၏ ချစ်သူအမျိုးသားဖြစ်သူ အောင်သူဟိန်း ဆိုသူမှ ဆိုင်ကယ် Taxi သမားတစ်ဦးနှင့် ဆရာမဆီသို့ စာတစ်စောင်ပို့ခိုင်းပြီး တစ်ပါတည်းခေါ်ဆောင်လာရန် ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဆိုင်ကယ် Taxi သမားကလည်း ဆရာမကို စာရွက်ပြပြီးတော့ သူ့ချစ်သူအမျိုးသားရှိတဲ့ မုကွဲကျေးရွာကျောင်းကြီး ကျောင်းတိုက်ကို ပို့ဆောင်ပေးခဲ့တယ်။ ကျသင့်ငွေကိုလည်း အဲ့ဒီ ချစ်သူအမျိုးသားရှင်းပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ထားပါတယ်” ဟု ၎င်းကပြောကြားသည်။
မကြာမီ သံသယတရားခံဖြစ်သူ အောင်သူဟိန်း ဆိုသူမှ ဆိုင်ကယ် Taxi သမားအား ဖုန်းဆက်ကာ ၎င်းအား ပြန်လည်ခေါ်ဆောင်ရန် အကြောင်းကြားလာသည့်အတွက်ကြောင့် ဆိုင်ကယ် Taxi သမားမှ ကျောင်းကြီး ကျောင်းတိုက်သို့သွားရောက်ခေါ်ဆောင်ချိန်တွင် ဆရာမ၏ ချစ်သူအမျိုးသားတစ်ဦးသာ တွေ့ရှိခဲ့ရသည်ဟု ဆိုင်ကယ် Taxi သမားက ထွက်ဆိုထားသည်ဟု သိရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထို့နောက် စက်တင်ဘာလ (၈) ရက်နေ့ မွန်းတည့်အချိန်ခန့်က မုကွဲကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်ဝင်း အတွင်းရှိ ဓါတ်ပေါင်းစုံမဟာစေတီ နှင့် ပေ (၅၀) ခန့်အကွာ ထင်းစိုက်ခင်းအတွင်း ဆရာမဒေါ်ချစ်ချစ်ထူး (ခ) ထူးထူး ၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ဆရာမ ဒေါ်ချစ်ချစ်ထူး (ခ) ထူးထူး၏ ရုပ်အလောင်းအား ကနစိုးပင်၏ ခြေရင်းတွင် ၎င်း၏လည်ပင်းအား အနက်ရောင်ဘေးလွယ်အိတ်ကြိုးဖြင့် ချည်နှောင်၍ မှောက်လျှက်အနေအထားဖြင့် သေဆုံးနေကြောင်း၊ ရုပ်အလောင်းအနီးတွင် အသွား (၉) လက်မခွဲ၊ အရိုး (၅) လက်မ၊ စုစုပေါင်း (၁၄) လက်မခွဲခန့်အရှည်ရှိ G3 ဘက်နှက်တစ်ချောင်းကိုတွေ့ရကြောင်း ဒေသခတစ်ဦးက ပြောကြားသည်။
“ဆရာမရဲ့ ရုပ်အလောင်းမှာက ဆီးခုံမှာ ထိုးသွင်းဒဏ်ရာ (၁) ချက်နဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ချည်ပြီး အသတ်ခံထားရတဲ့ပုံစံမျိုးတွေ့ရတယ်။ အဲ့ဒီအပြင်ကို ဆရာမဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေဖြစ်တဲ့ နားဆွဲ၊ လက်စွပ်နဲ့ ဆွဲကြိုးတွေလည်း ပျောက်ဆုံးနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူဟုယူဆရသည့် သံသယတရားခံဖြစ်သူ အောင်သူဟိန်း အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
Photo-ကျောင်းဆရာမအသတ်ခံခဲ့ရပုံ