ကောင်းဝါ-ဇွန်၃၀၊ ၂၀၂၃။
ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်အတွင်း ဇွန်လ (၂၈) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးကာ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် နေအိမ်ရှေ့လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဦးစိုးမြင့် ဆိုသူမှာ လက်နက်ကြီးကျည်စ ဝမ်းဗိုက်ဖေါက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက “ဒဏ်ရာရသွားသူတွေဖြစ်ကြတဲ့ မခင်အေးသူက ပေါင်မှာ လက်နက်ကြီးကျည်စဖေါက်ဝင်ဒဏ်ရာရသွားတယ်၊ နောက်ဒေါ်ကြူကြူဝင်း မှာက ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ နဲ့ ကျောကုန်းပေါက်ပြဲဒဏ်ရာတွေရသွားတယ်။ နောက်တစ်ဦးဖြစ်တဲ့ မောင်နေဝင်း မှာက ကျောကုန်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကြီးကျည်က (၂) လုံးကျတာ တစ်လုံးကပေါက်ကွဲပြီး၊ နောက်တစ်လုံးက မပေါက်ကွဲခဲ့လို့ တော်သေးတယ်” ဟု ပြောသည်။
ထို့အပြင် မော်တော်ဆိုင်ကယ်တစ်စီးမှာလည်း မီးလောင်ပျက်ဆီးခဲ့ကြောင်း နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးအား လုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းခဲ့သည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
ဇွန်လ (၂၈) ရက်နေ့ ညနေ (၅) နာရီခွဲခန့်က ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား KKO(ခွဲထွက်)နှင့် PDF အဖွဲ့ဝင်များကအရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့၍ လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ယင်းကဲ့သို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသော်လည်း မိမိတို့သတင်းဌာနအနေဖြင့် တဖက်အဖွဲ့အစည်းထံသို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် ညနေပိုင်းကလည်း ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဇောတိကာရာမကျောင်းတိုက်အတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဓမ္မာရုံအမိုးနှင့် မျက်နှာချက်များ ပျက်ဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။