မုဒုံမြို့နယ် နှီးပဒေါကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် နှင့် သားဖြစ်သူတို့ နှစ်ဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလော စစ်ကောင်စီမှ အကောင်အထည်ဖေါ်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်ပြီး နှီးပဒေါကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူအား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ဒေသခံက “ဦးအောင်မင်းနိုင်တို့ အိမ်ဘက်ကနေ သေနတ်သံ လေးငါးခြောက်ချက်လောက် ကြားလိုက်ရတယ်။ ညဘက်ဆိုတော့ ဘယ်သူမှသွားမကြည့်ရဲကြဘူး။ မနက်ကျမှ ဦးအောင်မင်းနိုင်တို့သားအဖ နှစ်ဦးလုံးသေနတ်နဲ့ ပစ်သတ်ခံထားရတာကို သိကြရတာပါ” ဟု ဆက်ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ မြန်မာစစ်တပ်ထွက် ဦးအောင်မင်းနိုင် နှင့် သားဖြစ်သူ မောင်သူရအောင် တို့နှစ်ဦးမှာ ၎င်းတို့နေအိမ်အတွင်းရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်အတွင်းသို့ဝင်ရောက်ကာ ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့ ည (၈) နာရီဝန်းကျင်အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
သို့ရာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း၊ ထိုပစ်သတ်မှုနှင့်ပတ်သက်၍လည်း စက်တင်ဘာလ (၁၀) ရက်နေ့အထိ တော်လှန်ရေးအဖွဲ့များဘက်မှ သတင်းထုတ်ပြန်ခြင်းမျိုးမရှိပေ။
ပြီးခဲ့သည့် ဧပြီလကလည်း ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ နိုင်ထိန်ဝင်း (ခ) နိုင်မော့ နေအိမ်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ သားတစ်ဦး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ပြီး နောက်ထပ်သားတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
စစ်ကောင်စီမှ အကောင်အထည်ဖော်နေသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့အား ရပ်ကျေးအုပ်ချုပ်ရေးမှ လုံးဝမကူညီရန်၊ ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်ဟု သတ်မှတ်ကာ ပြတ်သွားစွာအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာန (MSFC-DoD) မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့အပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD) တို့က ကြေငြာချက် ထုတ်ပြန်ထားကြောင်း တွေ့ရသည်။