ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး၌ ယနေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ရေးမြို့နယ် ကော့ဒွတ်ကျေးရွာမှ ခရီးသည်တင်ယာဉ်ငယ်တစ်စီးပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသော Hiace အမျိူးအစား ခရီးသည်တင်ယာဥ်ငယ်မှာ အဆိုပါ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒဏ်ရာရသွားသူက ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာက အသက် (၃၇) နှစ်အရွယ် မိကေသီဦးလို့ သိရတယ်။ ခရီးသည်တင်ကားက ရေးမြို့ကိုသွားတဲ့ ကားလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ မကေသီဦး အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ၎င်းဒေသခံက ဆိုသည်။
ထို့ပြင် ကျိုက်ထိုမြို့နယ်အဝင်တွင် ယနေ့နေ့လယ်ပိုင်းက စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပိတ်ထားပြီး ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များအပါအဝင် အိမ်စီးကားများ ပိတ်မိနေကြောင်း သိရသည်။
ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် မော်တော်ယာဉ်များ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိရာ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းအချိန်က သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား (၂) ဦးသေဆုံးကာ ခရီးသည် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo-ဒဏ်ရာရရှိသူနှင့် မော်တော်ကား