လက်ရှိကာလတွင် စက်သုံးဆီများအား နေ့စဉ်အကန့်အသတ်ဖြင့် ရောင်းချပေးနေမှုကြောင့် ခြံနှင့် လယ်ယာများတွင် စက်ပစ္စည်းအသုံးပြု လုပ်ကိုင်နေကြသည့် တောင်သူများ အခက်တွေ့လာကြောင်း သိရသည်။
အရောင်းဆိုင်သို့လာရောက်သည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကိုသာ ဆီဖြည့်ပေးနေပြီး လယ်ယာနှင့် ခြံလုပ်ငန်းသုံးစက်ပစ္စည်းများအတွက် ရောင်းချပေးနေမှုမရှိခြင်းအပေါ် သက်ဆိုင်ရာက လိုအပ်သလို စီမံဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း ခြံလုပ်ငန်းရှင်များက ပြောသည်။ ‘
“ဆိုင်ကိုလာထည့်တဲ့ယာဉ်တွေကိုထည့်ပဲ ဆီထည့်ပေးပါတယ်၊ ရောင်းရင်လည်း တစ်နေကုန်မရောင်းတော့ဘူး၊ ရောင်းလို့ သူတို့သတ်မှတ်တဲ့လီတာရောက်ရင် ဆိုင်ပိတ်လိုက်တယ်၊ မြင်တွေ့နေရတာကတော့ နီးစပ်တာတွေ၊ မကင်းရာမကင်းကြောင်း တွေကိုတော့ ပုံးတွေနဲရောင်းပေးနေတာတွေ့တယ်၊ အချို့ဆိုင်တွေ ပိတ်ထားပေမယ့် သူတို့သိတဲ့သူကိုတော့ ရောင်းပေးနေတာလည်းတွေ့နေရတယ်၊ အပြင်မှောင်ခိုဆိုင်အချို့မှာတော့ ဈေးမြင့်မြင့်နဲ့ဝယ်လို့ရတာလည်းရှိတယ်၊ ဒါကိုသက်ဆိုင်ရာက တောင်သူတွေအတွက် တစ်ခုခုတော့ စီစဉ်ပေးဖို့လိုနေပြီ ” ဟု တူးမြောင်းကျေးရွာနေ ခြံလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဆီအဝင်ရှိသော်လည်း ကုမ္ပဏီကသတ်မှတ်ပေးသည့်အတိုင်း နေ့စဉ်အနည်းဆုံး ဆီအမျိုးအစားတစ်ခုလျှင် လီတာ (၂၀၀)မှ (၃၀၀)သာ ရောင်းချပေးနကြောင်း၊ စက်သုံးဆီဆိုင်အချို့ ပုံမှန်ဈေးထက် အဆမတန်ရောင်းချခြင်းများ ရှိခဲ့သဖြင့် အသွင်ယူစစ်ဆေးခံရမှုကြောင့် အရေးယူခံခဲ့ရခြင်းများလည်းရှိကြောင်း၊ နယ်မှ လုပ်ငန်းရှင်တွေအတွက် ကောင်းမွန်သည့်အစီအစဉ်များကို အကောင်အထည်ဖော်ပေးရန်လိုနေပြီဖြစ်ကြောင်း သံဖြူဇရပ်မြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
စိုက်ပျိုးရေးကိုအဓိကအားထားရသည့် မွန်ပြည်နယ်အတွင်း စက်မှုလယ်ယာလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် ပွင့်လင်းရာသီအမှီ စက်သုံးဆီအခက်အခဲများဖြစ်ပေါ်လာပါက ဒေသတွင်း စီးပွားရေးအခက်အခဲများ ကြုံတွေ့လာရနိုင်ကြောင်း ခြံလုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။
Photo-ရေးမြို့တွင် စက်သုံးဆီရောင်းချပေးနေသည့်မြင်ကွင်း
စီးပွားရေး
စက်သုံးဆီများ
ခြံလုပ်ငန်းသုံးစက်ပစ္စည်းများ