သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမ နှစ်ကရင်လမ်းဝတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၃) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၁) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၅) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်ခန့်က အဆိုပါ နှစ်ကရင်ကျေးရွာလမ်းဝရှေ့ရှိ လွီရာမည စက်သုံးဆီဆိုင်အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မော်တော်ကားများအား လုံခြုံရေးစစ်ဆေးနေစဉ် မော့ကနင်ရွာသစ်အခြေစိုက် စစ်ကောင်စီတပ်၏ အမတ – ၃၁၇ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးကျတဲ့နေရာအနီးက ကွမ်းယာဆိုင်အနီးမှာထိုင်နေကြတဲ့ အသက် (၅၃) နှစ်အရွယ် ဦးမြင့်နိုင် နဲ့ နောက်ထပ်ဒေသခံနှစ်ယောက် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဦးမြင့်နိုင်ကတော့ ဒဏ်ရာပြင်းထန်လို့ လမိုင်းတိုက်နယ်ဆေးရုံကတဆင့် သံဖြူဇရပ်ဆေးရုံကိုပို့လိုက်ရတယ်။ အဲ့ဒီကနေမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ထပ်ပြီးပို့ဆောင်လိုက်ရတယ်” ဟု ပြောကြားသည်။
နောက်ထပ်လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ လမိုင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်း၊ ၎င်းအပြင် လုံခြုံရေးစစ်ဆေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီကျရောက်ပေါက်ကွဲခဲ့သည့် နှစ်ကရင်ကျေးရွာလမ်းဝတွင် ပြီးခဲ့သည့်သီတင်းပတ်က စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေထိုင်ခဲ့ရာ တိုက်ခိုက်ခံရသဖြင့် (၂) ဦးသေဆုံး၊ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တပ်ပြန်ရုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo-နှစ်ကရင်လမ်းဝနေရာ
တိုက်ပွဲသတင်း
နှစ်ကရင်လမ်းဝ