ရေးမြို့နယ်အတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် ပြင်ပပေါက်ဈေးအတိုင်း ရောင်းချသည့်ဆိုင်များအား အရေးယူသွားမည်ဖြစ်ကြောင်း ရွှေဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး သတ်မှတ်ဈေးနှုန်းအတိုင်ရောင်းချရန် အာဏာပိုင်များက လာရောက်သတိပေးခဲ့သည်။
ယမန်နေ့ (စက်တင်ဘာ ၅ ရက်) နေ့လယ်ပိုင်းက ရေးမြို့၊ ဝင်းသုခရတနာရွှေဈေးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် ယင်းသို့ သတိပေးလိုက်သည်။
” ဆိုင်တွေရဲ့ ဘောက်ချာတွေကို ဝင်စစ်တယ်၊ မနက်စောပိုင်းဖြစ်လို့ အရောင်းအဝယ်သိပ်ဖြစ်သေးတာ မဟုတ်ဘူး၊ သူတို့စိတ်ကျေနပ်မှုမရတာနဲ့ ဘေးနားက ဘုန်းကြီကျောင်းကိုခေါ်ပြီး သတ်မှတ်ဈေးနဲ့ရောင်းဖို့ သတိပေးတယ်၊ ပြင်ပဈေးနဲ့ရောင်းရင် အရေးယူမယ်လို့ပြောသွားတယ် ” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် ရွှေဈေးကွက်အတွင်း ပေါက်ဈေးအတိုင်းသာ ဝယ်ယူရောင်းချနေရကြောင်း၊ သတ်မှတ်ဈေးနှုန်း အတိုင်းသာရောင်းချစေလိုပါက သတ်မှတ်ဈေးနှင့်ဝယ်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေး စေလိုကြောင်း တင်ပြခဲ့သဖြင့် လာရောက်စစ်ဆေးသည့် စစ်ကောင်စီအဖွဲ့များကျေနပ်မှုမရှိဘဲ ပြန်သွားခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
“ခုလိုရှောင်တခင်လာလာစစ်မယ်ဆိုရင်တော့ ခက်လိမ့်မယ်၊ ဘာမှလည်းမလုပ်ပေးနိုင်၊ အဆင်ပြေသလိုလုပ်နေလို့လဲ မရနဲ့ ရွှေအရောင်းအဝယ်က ခက်လာမယ့်သဘောရှိတယ်၊ မှောင်ခိုဈေးကွက်ပဲ ဖြစ်သွားလိမ့်မယ်၊ တလောကလည်း ဆီဆိုင်ေတွကို ရှောင်တခင်ရော၊ အသွင်ယူပြီးရောစစ်ပြီး အရေးယူလို့ ခု ရေးက ဆီဆိုင်အချို့တောင် ပိတ်နေကြပြီ ” ဟု ရွှေကုန်သည်တစ်ဦးကပြောကြားသည်။
လက်ရှိပြင်ပမီးလင်းရွှေပေါက်ဈေးနှုန်းမှာ ၇၁ သိန်းကျပ်ဝန်းကျင်ရှိနေပြီး YGEA သတ်မှတ်ဈေးနှုန်းမှာမူ ကျပ်သိန်း ၅၀ ဝန်းကျင်သာရှိနေသည်။
Photo; ရေးမြို့ပေါ်ရွှေဆိုင်များ
စီးပွားရေး