မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ကျန်းမာရေးစနစ်ဆိုသော်လည်း တက်ရောက်ကုသနေရသည့် လူနာများအနေဖြင့် တာဝန်ကျကျန်မာရေးဝန်ထမ်း၊ သူနာပြုဆရာမထံမှ ဆေးဝါးများဝယ်ယူပြီး ကုသခံနေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အကယ်၍ ဆေးရုံမှတာဝန်ကျဝန်ထမ်း သူနာပြုဆရာမများတွင် လိုအပ်သောဆေးဝါးများမရှိမှသာ ပြင်ပမှဆေးဝါးများကို ဝယ်ယူအသုံးပြုခွင့်ရှိကြောင်း တက်ရောက်ကုသခံခဲ့သည့် လူနာတစ်ဦးက ပြောသည်။
၄င်းက “ဆေးက မရှိသလောက်ပဲ၊ ဝယ်ရတာကလည်း ဆေးရုံထဲက ဆရာမတွေ ဆီမှာပါပဲ၊ ဆေးရုံမှာရှိတဲ့ ဆေးဆိုရင် ဆေးရုံမှာ ဝယ်ရတယ်၊ ဆေးရုံမှမရှိတဲ့ဆေးဆိုရင် အပြင်မှာဝယ်သုံးရတယ်၊ လိုအပ်တဲ့ဆေးကို ထုတ်ယူပြီး ဆေးရုံမှာ ငွေပါတစ်ပါတည်း ရှင်းပေးရတာပါ။ မရှိသူတွေအားကိုးရာဖြစ်လို့ ပြည်သူ့ဆေးရုံကို လာကုကြတာပါ။ သက်ဆိုင်ရာလူကြီးမင်းတွေ သေချာစစ်ဆေးပေးဖို့ပြောချင်ပါတယ်” ဟု ပြောကြားသည်။
လူနာများဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နှစ်စဉ်ပြည်သူဆေးရုံများအတွက် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ ပေးထားသော်လည်း ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ကလေးခွဲစိတ်မွေးဖွားခြင်းအတွက်ငွေကျပ် ငါးသိန်းဝန်းကျင်ကုန်ကျနေပြီး သာမန်ဆေးရုံတက်လူနာများပင်ငွေကျပ် သိန်းချီကုန်ကျမှုရှိနေကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။
ရေးမြို့ခံ ရပ်မိရပ်ဖတစ်ဦးက “ဝန်ကြီးဌာနက ပြည်သူတွေဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့ နှစ်စဉ်ဆေးတွေချထားပေးနေတယ်လို့တော့ သိထားတယ်။ ခေတ်အဆက်ဆက်က အပေါ်ကနေအောက် အဆင့်ဆင့်ပေးရကမ်းရနဲ့ ဘာမှမကျန်တော့တာလား၊ ပြန်လည် မစိစစ်တာလား၊ ပြည်သူတွေအပေါ် စေတနာမရှိတာလားပေါ့၊ ဒီဘက်ခေတ်က မကောင်းတော့လည်း ပြည်သူတွေအနေနဲ့က သက်ဆိုင်ရာနဲ့လည်း သိပ်မပတ်သက်ချင်ကြတော့ ကြိတ်ခံနေကြရတာပါပဲ။ ” ဟု ပြောသည်။
နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများအကျိုးရှိစေရေးအတွက် ထိရောက်စွာအသုံးချရန်နှင့် အဓိကဆေးဝါးများ အခမဲ့ထောက်ပံ့ရန်နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီစဥ်ဆောင်ရွက်ရန် ယခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားခဲ့ဖူးသည်။
Photo- ရေးခရိုင်ပြည်သူ့ဆေးရုံကြီး