ကရင်နယ်ခြားစောင့်တပ် BGF ၏ ထိန်းချုပ်မှုအောက်တွင် အကောင်အထည်ဖော်ဆောင်နေသော ရွှေက္ကိုလ်မြိုသစ်စီမံကိန်းကို ဦးစီးလုပ်ကိုင်နေသည့် ရထိုက်ကုမ္ပဏီက စီမံကိန်းအားလုံးကို အပြီးတိုင် ဖျက်သိမ်းတော့မည့် ကြေငြာချက်တစောင် ယနေ့ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့သည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကတည်းက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်လာခဲ့သော ရွှေက္ကိုလ်မြိုသစ်စီမံကိန်းသည် ၄င်းတို့၏ BRI ခါးပတ်လမ်း စီမံကိန်းနှင့် သက်ဆိုင်မှုမရှိကြောင်း တရုတ်နိုင်ငံက ငြင်းဆိုခဲ့သည်။
နိုင်ငံတကာဖိအားကြောင့် ရွှေက္ကိုလ်စီမံကိန်းကို ယခုကဲ့သို့ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ကြေငြာစာက ရေးထားသော်လည်းပြီးခဲ့သည့် သြဂုတ်လယ်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဥ်နှင့် ဆက်စပ်နေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
လာမည့် စက်တင်ဘာ ၁၅ ရက်တွင် အဆိုပါ ရွှေက္ကိုလ်မြိုသစ်စီမံကိန်းဖျက်သိမ်းရေးကို စတင်သွားမှာဖြစ်ပြီး ရွှေက္ကိုလ်မြိုသစ်ရှိ လုပ်ငန်းရှင်များနှင့် ၀န်ထမ်းများတို့အနေဖြင့် စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထား၍ အားလုံးထွက်ခွာသွားရမည်ဖြစ်ကြောင်း ကြေငြာထားသည်။
ယင်းသို့ မထွက်ခင်မှာ လုပ်ငန်းရှင်များအနေဖြင့် ရထိုက်ရုံးကို လျော်ကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် 39,999 ပေးသွင်းပြီးမှ ထွက်ခွာသွားရမည်ဖြစ်ကြောင်း ကြေငြာစာတွင် ထည့်သွင်းဖော်ပြထားသည်။
သို့ရာတွင် မြဝတီနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများကို ဘုရားသုံးဆူနယ်စပ်သို့ ကရင် BGF တပ်ဖွဲ့၏ စီစဥ်မှုဖြင့် ကြိုတင်ပြောင်းရွှေ့ထားပြီးဖြစ်ရာ ယခုအခါ တရုတ်လူမျိုးမျက်နှာစိမ်း ၈၀၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး အလွန်စည်ကားလာနေကြောင်း ဒေသခံများမှ သိရသည်။
Photo- ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း
စီးပွားရေး
ရွှေက္ကိုလ်မြိုသစ်စီမံကိန်း
ကရင်နယ်ခြားစောင့်တပ်
BGF