ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း (၁၂၀) စီမံချက်၏ (၈၅) ရက်အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းခုနှစ်သောင်း (၁၇၇၈၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း (၁၂၀) စီမံချက်အဖြစ် ဇွန်လ (၅) ရက်နေ့မှ သြဂုတ်လ (၂၈) ရက်နေ့ထိ (၈၅) ရက်အတွင်း စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်ပေါင်း (၁၆၇၇၆) နေရာသို့ အလုပ်သမား၀န်ကြီးဌာနနှင့် တာ၀န်ရှိသူများက ပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင် အလုပ်သမားပေါင်း (၂၃၂၉၀၆) ဦး ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းအလုပ်သမား၀န်ကြီးဌာနမှထုတ်ပြန်ထားချက်အရသိရသည်။
နိုင်ငံအလိုက် တရားမဝင် အလုပ်သမားဖမ်းဆီးရရှိမှုတွင် မြန်မာနိုင်ငံသား (၁၇၇၈၀၄) ဦး ကမ္ဘောဒီးယားနိုင်ငံသား (၃၄၆၂၀) ဦး ၊ လာအိုနိုင်ငံသား (၁၃၄၈၂) ဦး၊ ဗီယမ်နမ်နိုင်ငံသား (၁၄၅) ဦး နှင့် အခြားနိုင်ငံသား (၆၈၅၅) ဦး စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ သက်ဆိုင်ရာမှ တရားမ၀င် အလုပ်သမား ဖမ်းဆီးစစ်ဆေးရာတွင် အလုပ်ဌာန (၅၉၁) ခုမှ မြန်မာ (၉၃၃) ဦး ၊ကမ္ဘောဒီးယား (၂၂၄) ဦး ၊လာအို (၂၀၃) ဦး ၊ဗီယမ်နမ် (၂၆) ဦး ၊အခြားနိုင်ငံသား (၁၀၇) ဦး၊စုစုပေါင်းတရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၁၅၅၃) ဦးကို တရားမဝင်အလုပ်သမားများအဖြစ် အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသား ရွေ့ပြောင်း အလုပ်သမားများ အနက်အထောက်အထားမဲ့၊ အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့်အလုပ်သမားအား တွေ့ရှိပါက ဒဏ်ငွေ ဘတ် (၅,၀၀၀) မှ ဘတ် (၅၀,၀၀၀) ထိအလုပ်သမားဖြစ်သူမှ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဖြစ်ကြောင်းကို ထိုင်းအလုပ်သမားဦးစီးဌာနက အမိန့်ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့် အလုပ်ရှင်အား စစ်ဆေးတွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် (၁၀,၀၀၀) မှ ဘတ် (၁၀၀,၀၀၀) ထိ ဒဏ်ငွေပေးဆောင်ရ မည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး (၁) နှစ် နှင့် ဒဏ်ငွေအဖြစ် ဘတ်ငွေ (၅၀,၀၀၀) မှ ဘတ် (၂၀၀,၀၀၀) ထိ ပေးဆောင်ရမည် ဖြစ်သည့်အပြင် ရွေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ပင်ခံ ရမည်ဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဦးစီးဌာန ထုတ်ပြန်ထားကြောင်း သိရသည်။
Photo- Social Media