တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာတစ်ဦးတွေ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနတွင် စောင့်ကြပ်ကုသမှုပေးထားကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ထို မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာမှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်တွင်နေထိုင်သူ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ မလေးရှားနိုင်ငံမှ ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့က လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ခဲ့လာခဲ့ပြီးနောက် ဇူလိုင်လ (၁၀) ရက်နေ့တွင် ထားဝယ်မြို့သို့ ပြန်လည်ရောက်ရှိလာသူတစ်ဦးဖြစ်သည်ဟု သိရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“သံသယလူနာက ဩဂုတ်လ (၂၉) ရက်နေ့မှ စဖျားတယ်။ (၄) ရက်မြောက်နေ့ဖြစ်တဲ့ စက်တင်ဘာလ (၂) ရက်နေ့မှာ ထားဝယ်မြို့မှာရှိတဲ့ မယ်ဒီလန်းဆေးရုံမှာ သွားရောက်ပြသရာကနေ မျောက်ကျောက်ရောဂါ (Monkeypox) သံသယလက္ခဏာတွေတွေ့ရလို့ ထားဝယ်ပြည်သူ့ဆေးရုံကြီးကိုရောက်လာတာပါ။ လောလောဆယ် ဆေးရုံကြီးမှာရှိတဲ့ အထူးကုပြင်ပလူနာဌာန မှာ ကြပ်မတ်ကုသမှုပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာနှင့်အနီးကပ်နေထိုင်ခဲ့သည့် မိသားစုဝင်များကိုလည်း ယမန်နေ့ စက်တင်ဘာလ (၃) ရက်နေ့က စစ်ဆေးမှုများလုပ်ဆောင်ထားကြောင်းလည်း ၎င်းက ဆိုသည်။
မျောက်ကျောက်ရောဂါ (Monkeypox) ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၄) ရက်နေ့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါ (Monkeypox) ရောဂါမှာ တိရစ္ဆာန်များမှတဆင့် ကူးစက်ခြင်း နှင့် လူအချင်းချင်းကူးစက်ခြင်းဟူ၍ (၂) မျိုးရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။ မျောက်ကျောက်ရောဂါ (Monkeypox) သံသယဖြစ်ဖွယ် လက္ခာဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်၊ ခြေထောက်၊ စအိုဝန်းကျင် နှင့် လိင်အင်္ဂါ အနီးဝန်းကျင်တွင် အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် ၃၈.၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ပူခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနွယ်ခြင်းတို့ဖြစ်တတ်ကြောင်း နှင့် မျောက်ကျောက်ရောဂါပိုး စတင်ဝင်ရောက်ပြီး (၁) ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများစတင်ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်များအရ သိရသည်။
Photo-ထားဝယ်ပြည်သူ့ဆေးရုံ