သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမရှိ သက္ကော့လမ်းခွဲအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံအနီးတဝိုက်တောထဲ၌ ယမန်နေ့က မြေမြှုပ်မိုင်းထပ်မံနင်းမိသည့်အတွက် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြန်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာ ရွာသား ဦးမြင့်ကြည် ဝဥတူးဖေါ်ရန် သွားရောက်စဉ် စက်တင်ဘာလ (၂) ရက်နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်အချိန်ခန့်က မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“မြေမြှုပ်မိုင်းနင်းမိတဲ့ ကိုမြင့်ကြည် မှရဲ့ လက်နှစ်ဖက်လုံးနဲ့ ခြေထောက်တွေမှာ မီးလောင်ပေါက်ကွဲဒဏ်ရာတွေရသွားတယ်။ သူ့ကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားကြပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းကလည်း Eon Saw Mon အထပ်သားစက်ရုံအနီးတွင် ကိုကျော်ထွဋ်ခေါင်က မြက်များရှင်းနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါ Eon Saw Mon အထပ်သားစက်ရုံသည် သက္ကော့လမ်းခွဲရှိ စစ်ကောင်စီအဖွဲ့စုံဂိတ်နှင့် ၂ ကီလိုမီတာကျော်ခန့်သာဝေးကွာကြောင်း၊ Eon Saw Mon အထပ်သားစက်ရုံအနီးတဝိုက်မှအခြေပြု၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သက္ကော့အဖွဲ့စုံဂိတ်အား ဒရုန်းဖြင့်မကြာခဏတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကြောင့် သက္ကော့အဖွဲ့စုံဂိတ်လုံခြုံရေးအတွက် Eon Saw Mon အထပ်သားစက်ရုံအနီးတဝိုက်တွင် စစ်ကောင်စီဘက်က မြေမြှုပ်မိုင်းထောင်ထားနိုင်သည်ဟု ယူဆရကြောင်း သံဖြူဇရပ်မြို့နယ်မှ မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦး သုံးသပ်သည်။
“သက္ကော့အဖွဲ့စုံဂိတ်ကို တော်လှန်ရေးအဖွဲ့တွေက ဒီနှစ်ထဲမှာ ဒရုန်းနဲ့ ခဏခဏလာတိုက်တယ်၊ Eon Saw Mon (အမ်သဝ်မန်)အနီးတဝိုက် ရာဘာခြံတွေကနေ ဒရုန်းတွေကိုလွှတ်တယ်၊ ဒါကြောင့် ဂိတ်လုံခြုံရေးအတွက် စစ်ကောင်စီဘက်ကပဲ မြေမြှုပ်ဗုံးတွေထောင်ထားတာလို့ ကောက်ချက်ချလို့ရတယ်”
အဆိုပါ သံဖြူဇရပ်-ရဲတံခွန်လမ်းပိုင်းတွင် Eon Saw Mon ရော်ဘာစက်ရုံအနီးဝန်းကျင်နှင့် ရဲတံခွန်ကျေးရွာဝန်းကျင်၌ ပြီးခဲ့သည့် ဩဂုတ်လ (၂၂) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း ဒေသခံ အရပ်သားပြည်သူ (၄) ဦးမှာလည်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။
Photo-Google Map
-Social Media