မွန်ပြည်နယ်အတွင်း အဓိကရာဘာစိုက်ပျိုးကြသည့်မြို့နယ်များတွင် လာမည့်ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
ဒေသတွင်းထက် အခြားဒေသများက လုပ်သားအများစုကို ပိူမိုအားကိုးနေရပြီး နယ်မြေတည်ငြိမ်အေးခြမ်းမှုမရှိခြင်းကြောင့် တနယ်တကျေးသွားရောက်လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်ခြင်း၊စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနှင့် အခြားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သူများပြားလာခြင်းတို့အတွက် လုပ်သားခေါ်ယူရရှိမှု ခက်ခဲနေကြောင်း သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံရှင်တစ်ဦးက ပြောကြားသည်။
“ပဲခူးတို့ဘာတို့အခြားကကျွမ်းကျင်လုပ်သားတွေကလည်း ခုနောက်ပိုင်း တိုက်ပွဲသတင်းတွေကြောင့်ရော၊ စစ််မှုထမ်းကြောင့် ပြည်ပထွက်တာရယ် နောက်ပြီး လမ်းမှာလည်း အစစ်ဆေးကြမ်း လုံခြုံရေးဂိတ်တွေကို ပေးရကမ်းရနဲ့ မလာချင်ကြတော့လို့ လာမယ့်နှစ်အတွက် ခြံအတော်များများ ခုထိခေါ်လို့ အဆင်မပြေကြသေးဘူး”
မွန်ပြည်နယ်အတွင်း ရာဘာကို ၁၀ ဧကအထိစိုက်ပျိုးလုပ်ကိုင်သူ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်သည့် ၁၀ ရာခိုင်နှုန်းခန့်မှာ ဧက ၂၀ ကျော်မှ ဧက ၁၀၀ အထိ စိုက်ပျိုးလုပ်ကိုင်ကြကာ အပင်ရေများစွာစိုက်ပျိုးပြီးကြသည့် ခြံလုပ်ငန်းရှင်အချို့သာ လုပ်သားများကို မိသားစုအလိုက်ထောက်ပံ့မှုပေးကာ ထိန်းထားနိုင်ကြကြောင်း ခြံလုပ်ငန်းရှင်များက ပြောသည်။
ရေးမြို့နေ ရာဘာခြံရှင်တစ်ဦးက “ကျနော်တို့ ရေးမြို့နယ်မှာ မာရှယ်လောအထုတ်ခံထားတော့ အာဏာပိုင်တွေဘက်ကလည်း ကြမ်းတမ်းရိုင်းစိုင်းလာကြတယ်၊ ရာဘာခြံသမားတွေအနေနဲ့ အစစအရာရာ လုံခြုံမှုကင်းမဲ့နေတယ်၊ ခြံတွေရောင်းပြီး မော်လမြိုင်ဘက်ကို ပြောင်းသွားဖို့ စဥ်းစားနေကြတယ်” ဟု ဆိုသည်။
မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၅ သိန်းကျော်ရှိသော်လည်း အလုပ်သမားရှားပါးမှုနှင့် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ၃ ပုံ ၂ ပုံခန့်သာ စိုက်ပျိုးထုတ်လုပ်နေပြီး ရောဘာပင်ခုတ်လှဲရောင်းချမှုများလည်း ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။
Photo-Social Media