မြဝတီမှလာသော ခရီးသည်တင်ယာဉ်ငယ်တစ်စီးသည် မော်လမြိုင်-ရန်ကုန် – မော်လမြိုင် ကားလမ်းဖြတ်သန်းရာ သထုံမြို့နယ် ကမာစိုင်ကျေးရွာတွင် ယမန်နေ့ညပိုင်း (၈) နာရီခွဲအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသား (၂) ဦးသေဆုံးကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်မောင်း ဖြိုးဝေကျော် ဆိုသူမောင်းနှင်လာသည့် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်ငယ် တစ်စီးမှာ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရခြင်းဖြစ်ပြီး KNU/PDF အဖွဲ့၏လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်များက ရေးသားထားသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခရီးသည်တင်ယာဉ်ငယ်ပေါ်လိုက်ပါလာကြသည့် ကျား (၅) ဦး၊ မ (၈) ဦးတို့အနက် ပဲခူးတိုင်း၊ နန်းတော်ရာရပ်ကွက်နေ ယာဉ်မောင်းဖြစ်သူ ဖြိုးဝေကျော် နှင့် ပဲခူးတိုင်း တာဝမြို့နယ်၊ မင်းရွာကျေးရွာနေ ကိုကျော်မျိုးသူ တို့နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“နောက်ထပ် ခရီးသည်အမျိုးသမီး (၄) ဦးထိခိုက်ဒဏ်ရာတွေရသွားတယ်။ အဲ့ဒီအထဲကမှ အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ ကားပေါ်မှာက ဒရိုက်ဘာ၊ စပယ်ရာ နဲ့အတူ အသက် (၄) လအရွယ်ကလေးငယ်တစ်ဦး၊ (၄) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ခရီးသည် (၁၁) ဦး၊ စုစုပေါင်း (၁၃) ဦးလိုက်ပါလာကြတာလို့ သိရပါတယ်။ ခရီးသည်တင်ကားလည်း ပျက်စီးမှုတွေရှိခဲ့တယ်” ဟု ၎င်းဒေသခံကဆက်လက်ပြောကြားသည်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် ခရီးသည်တင်ယာဉ်ငယ်မှ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သထုံအခြေစိုက် အနှိုင်းမဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်များအတွင်း စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရခြင်း၊ စစ်ကောင်စီလုံခြုံရေးဂိတ်များ တိုက်ခိုက်ခံရခြင်း၊ တံတားများမိုင်းခွဲခံရခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များလည်း ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo-Social Media
လူ့အခွင့်အရေးချိုးဖောက်မှု
မော်လမြိုင်-ရန်ကုန်ကားလမ်း
ခရီးသည်တင်ယာဉ်ငယ်တစ်စီး
မိုင်းဆွဲတိုက်ခိုက်ခံရ
အမျိုးသား(၂)ဦးသေဆုံး
(၅) ဦးထက်မနည်းထိခိုက်ဒဏ်ရာ
သထုံမြို့နယ်
ကမာစိုင်ကျေးရွာ