မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်သည်အဝင်အထွက်များကို ယခုလမှစတင်၍ ပိုမိုတင်းကြပ်စွာစစ်ဆေးသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။
ယခင်လများတွင် စစ်တပ်နှင့် ရဲများက နေအိမ်အချို့ကို ရှောင်တခင်စစ်ဆေးမှုသာရှိနေရာက စက်တင်ဘာလမှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာအလိုက် ဧည့်သည်အဝင်ထွက်စာရင်းများကို နေ့စဉ်သက်ဆိုင်ရာ ရဲ၊ ထွေအုပ်တို့ထံ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သလို စစ်ဆေးသွားမှာဖြစ်ကြောင်း ရပ်ကွက်နှင့် ကျေးရွာတာဝန်ရှိသူများက ပြောကြားသည်။
” ပုံစံနဲ့တကွ ပေးထားပြီးပြီ၊ နေ့တိုင်းမပျက်မကွက်တင်ပေးရမယ်၊ ဓါတ်ပုံနဲ့တကွတင်ရမယ်တော့သိထားပေမယ့် ခုထိတော့ မပြောသေးဘူး၊ သတင်းအခြေအနေအပေါ်မူတည်ပြီးတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ရှိတယ်လို့တော့ ပြောထားတယ် ‘’ ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်သူများအထိတ်တလန့်ဖြစ်စေမည့် ကြမ်းကြမ်းတမ်းတမ်းပြုမူပြောဆိုမှုများ၊ ရပ်ကွက်တာဝန်ရှိသူမပါရှိဘဲ အိမ်တံခါးထုရိုက်ကာ ဖွင့်ခိုင်းပြီး စစ်ဆေးခြင်းများပြုလုပ်နေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ရန်လိုကြောင်း အငြိမ်းစား အရာထမ်းတစ်ဦးက ပြောကြားသည်။
ရေးမြို့ရှိ စစ်တပ်အသိုင်းအဝိုင်းများအတွင်း မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယခုကဲသို့ ဧည့်စာရင်းစစ်ဆေးခြင်းများအပြင် မြို့အတွင်းနှင့်အပြင် နေ့စဉ်ကင်းပုန်းများဝပ်ခြင်းတို့အပါအဝင် လမ်းသွားလမ်းလာ လူငယ်လူရွယ်များအား ပိုမိုစစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
Photo- ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး