မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန့် ညနေပိုင်းအချိန်က ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန့်ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က ရဲတံခွန်ကျေးရွာနေ အသက် (၃၂) နှစ်အရွယ် မငယ်ငယ်ထွေးဆိုသူမှာ ခင်ပွန်းသည်နှင့်အတူ ရဲတံခွန်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ရော်ဘာတောအတွင်း ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး ပြောကြားသည်။
“မြေမြှုပ်မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ မငယ်ငယ်ထွေးရဲ့ ညာဘက်ပေါင်နဲ့ ညဘက်လက်မှာ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာတွေရသွားတယ်။ သူ့ကို ခင်ပွန်းဖြစ်သူက ထမ်းထုတ်လာတယ်။ ရွာနားရောက်တော့မှ ဆေးရုံကိုလိုက်ပို့လိုက်ကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လတ်တလော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့်အတွက်ကြောင့် သံဖြူဇရပ် – အနန်းကွင်း – ဘုရားသုံးဆူ ကားလမ်းတလျှောက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းဗုံးများကျရောက်ပေါက်ကွဲခြင်း၊ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲခြင်းနှင့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံအများအပြား ထိခိုက်သေဆုံးမှုများရှိနေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၇) ရက်နေ့ကလည်း ရဲတံခွန်ကျေးရွာနေ မောင်မျိုးမင်းထွန်း ဆိုသူမှာ ၎င်းရဲတံခွန်ကျေးရွာအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံအနီးတွင် ဝဥတူးဖေါ်ပြီးအပြန်တွင် ဒရုန်းဗုံးထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ (၂၂) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီး ရော်ဘာခြံအတွင်း ထင်းခုတ်သွားသည့် ကိုစိုးသန်း ဆိုသူမှာလည်း လက်လုပ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် လက်များတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သေးကြောင်း သိရသည်။