တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီးတွင် ဩဂုတ်လ (၂၈) ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးထက်မနည်း သေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ဩဂုတ်လ (၂၈) ရက်နေ့၊ မနက် (၉) နာရီအချိန်ခန့်က ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာဘက်မှ ကျောက်ဆိပ်ကုန်းကျေးရွာဘက်သို့ အင်အား (၈၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ကျောက်ဆိပ်ကုန်းကျေးရွာအနီးတွင် စခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အချိန် (၂) နာရီနီးပါးအကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စစ်ကောင်စီတပ်ဘက်က (၁၆) ဦးထက်မနည်းသေဆုံးခဲ့သလို၊ တပ်ကြပ်ကြီးတစ်ဦးကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ လက်ရဖမ်းဆီးရမိခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား စစ်သုံ့ပန်းတစ်ဦး၏ ရသင့်ရထိုက်သည့်အခွင့်အရေးများအတိုင်း စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း ၎င်းက ဆိုသည်။
ထိုတိုက်ပွဲအတွင်း ကျောက်ဆိပ်ကုန်းကျေးရွာနေ အသက် (၆၀) နှစ်ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအား ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဘီးလုံးပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) နှင့် သာဂရစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အား နှစ်ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။
Photo Credit – YPPDF