လာမည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ကာ အိမ်သုံးမီတာခများ နှစ်ဆနီးပါးနှင့် လုပ်ငန်းသုံးမီတာခများ သုံးဆနီးပါး ဈေးနှုန်းမြင့်တက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်၊ စွမ်းအားဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ယခုတွင် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက် ၃၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း အသိပေးထားသည်။
အလားတူ လုပ်ငန်းသုံးမီတာခများကိုလည်း ၁ မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ် နှင့်အထက် ၅၀၀ ကျပ် တိုးမြှင့်လိုက်ကြောင်း သိရသည်။
နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ် အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာသောကြောင့် ဓာတ်အားခနှုန်းထားများကို ပြင်ဆင် သတ်မှတ်ရန် လိုအပ်သည့်အတွက် မီတာခ ဈေးနှုန်းများ တြိးမြှင့်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်၊ စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က ကောက်ခံခဲ့သော အိမ်သုံစမီတာခ နှုန်းထားများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ် ဖြစ်သည်။
ထို့အတူ လုပ်ငန်းသုံးမီတာခ နှုန်းထားများမှာ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ ၁၀၀၀၀၁ ယူနစ်နှင့် အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့် သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အစိုးရလျှပ်စစ်ဓါတ်အားလိုင်း မရောက်ရှိသေးသည့်ရေးမြို့နယ်တွင်မူ ပုဂ္ဂလိကကုမ္ပဏီများက တစ်ယူနစ် ၂၀၀၀ ကျပ်နှုန်းကျော်ဖြင့် လျှပ်စစ်မီးများဖြန့်ဝေပေးလျှက်ရှိသည်။