စစ်ကောင်စီ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာပေးသော စစ်ကြောင်းတစ်ကြောင်း ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် အလောင်း ၉ လောင်း ကျန်ရစ်ခဲ့ပြီး တပ်ပျက်လုမတတ် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ရေးမြို့အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခမရ-၅၈၃၊ ၅၈၇ တပ်ရင်းများမှ အင်အား ၉၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် မော့ကနင်အရှေ့ခြမ်းမှ စတင်ထိုးစစ်ဆင်လာပြီး သံဖြူဇရပ်-အနန်းကွင်းလမ်းရှိ ခွန်နဝါလမ်းခွဲအနီး၌ KNU တပ်မဟာ ၆ နှင့် PDF ပူပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်နီးပါးကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်း အထိနာကာ ဒဏ်ရာအများအပြားဖြင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သြဂုတ် ၂၈ နေ့လယ်ကတည်းက ခွန်နဝါအနီးမှာ တိုက်ပွဲစဖြစ်ခဲ့တယ်၊ ဘယ်ကိုမှ သွားလို့မရတော့ဘဲ ပိတ်မိနေတယ်၊ မြန်မာစစ်တပ်ဘက်က အတော်အထိနာပြီး မနေ့က လေယာဥ်လာပစ်ပေးလို့ ပြန်ဆုတ်နိုင်ခဲ့တယ်၊ မြန်မာစစ်သား အလောင်း ၉ လောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိပြီး မြေမြုပ်ပေးခဲ့တယ်”
ယမန်နေ့ (သြဂုတ်လ ၂၉) ခွန်နဝါရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Mi-35 လေယာဥ်ဖြင့် ၄ ကြိမ်ခန့် ပစ်ကူပေးခဲ့သဖြင့် စစ်ကြောင်းတစ်ခုလုံး ဒဏ်ရာများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြေပြင်သတင်းအရ သိရှိရသည်။
မွန်ကရင်ဒေသ စစ်ရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက “အနန်းကွင်းဗျူဟာကို ဘယ်ကကယ်နေတာလဲ ဆိုတော့ ၃၁၅ အမြှောက်တပ်နဲ့ လေယာဥ်ပျံကယ်နေလို့ မကျသေးတာ၊ KNU ကတော့ စစ်ကြောင်း ၃ ကြောင်း တပ်ရင်း ၃ ရင်းဖြစ်သွားပြီ ရင်း ၁၆ ရယ်၊ ရင်း ၁၇ ရယ်၊ ရင်း ၂၇ ရယ် PDF တွေလည်းပါတယ် အနန်းကွင်းရော လွှတ်ရှမ်းရော ပိတ်ထားတာလေ”ဟု ပြောသည်။
အဆိုပါ အနန်းကွင်းဗျူဟာ တိုက်ပွဲများကြောင့် ပတ်ဝန်းကျင်အနီးအနားတဝိုက်ရှိ ဖားပြ၊ လွှတ်ရှမ်း၊ ဝင်းခန၊ ကျုံခဝန်၊ တညင်၊ ကျောက်ဘီလူး၊ သံပုရာနှင့် အနန်းကွင်းတစ်ရွာလုံးနီးပါး ပျက်စီးကုန်ပြီဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
တိုက်ပွဲက တော်တော်စိပ်တယ်ခင်ဗျ၊ တခါတလေကျတော့ တိုက်ပွဲက ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တပ်က အသံကြားပြီဆိုတာနဲ့ သံဖြူဇရပ် အမတ ၃၁၅ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ကျချင်တဲ့နေရာကျ ပစ်ထည့်တယ်ခင်ဗျ၊ အဲဒီထက်ပိုပြီးတော့ အနန်းကွင်းဗျူဟာရဲ့ ခြံစည်းရိုးနားကပ်လာပြီ ဆိုလို့ရှိရင် လေယာဥ်ပျံလည်း လာတယ်ခင်ဗျ၊ ရွာကတော့ လူတစ်ယောက်မှ မရှိတော့ဘူး၊ အကုန်လုံး ကြေကုန်ပြီခင်ဗျ ရွာတွေအကုန်လုံးပျက်ကုန်ပြီ” ဟု ဆိုသည်။
အနန်းကွင်းအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ရှေ့တန်းစစ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်ခဲ့သော ကရင့်အာဇာနည်နေ့မှစတင်၍ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
Photo; Khit Thit Media