ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းအစောပိုင်းအချိန်က မည်သူ၏လက်ချက်မှန်းမသိရဘဲ ရာအိမ်မှူးလင်းမယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကော့ဝါးဆူးကျေးရွာနေ ရာအိမ်မှူးဖြစ်သူ စောကျော်ပိ (၄၇) နှစ် နှင့် ဇနီးဖြစ်သူ နန်းမားဆောက် (၅၄) နှစ်တို့နှစ်ဦး နေထိုင်ရာနေအိမ်အတွင်း၌ ဩဂုတ်လ (၂၈) ရက်နေ့ နံနက် (၁) နာရီဝန်းကျင်အချိန်ခန့်က သေနတ်သံ (၆) ချက်ခန့်ကြားကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနက်ကျတော့ စောကျော်ပိရဲ့ ယောက်ဖဖြစ်သူက စောထွန်းနိုင် က သူ့ဆိုင်ကယ်မှာ ဘက္ထရီအားမရှိလို့ စောကျော်ပိအိမ်လာတော့ အနီးကလူတွေက ညက စောကျော်ပိရဲ့အိမ်ဘက်က သေနတ်သံကြားရတဲ့အကြောင်းပြောကြလို့ အိမ်ပေါ်တက်ကြည့်ကြတော့မှ စောကျော်ပိ တို့ လင်မယားနှစ်ယောက်လုံး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာကို တွေ့ကြရတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် စောကျော်ပိ တွင် ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာနားရှေ့မှဖောက်ဝင်ဒဏ်ရာ၊ နန်မားဆောက်တွင် ညာဘက်မျက်လုံးအောက်ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ညာဒူးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်ရရှိပြီး အ ခင်းဖြစ်ပွားရာ နေအိမ်အတွင်း သေဆုံးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကော့ဝါးဆူးကျေးရွာ ရာအိမ်မှူး စောကျော်ပိ နှင့် ဇနီးဖြစ်သူ နန်းမားဆောက် တို့နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသော ဆဒ္ဒန်ဂူသည် ကော့ဝါးဆူးရွာအနီးတွင် တည်ရှိပြီး အရပ်အခေါ်မှာ ကော့ဝါးရှူး ဖြစ်သည်။