မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန်အတွက် ပြင်ဆင်နေကြပြီဟု သတင်းရရှိသည်။
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတွင် နေထိုင်လျက်ရှိသော အသက် ၃၅ မှ ၆၀ နှစ်အကြား အမျိုးသား ၅၀ ယောက်ကို ရွေးချယ်သွားမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် စစ်သက်တန်းတစ်လ တက်ရမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“လောလောဆယ်မှာတော့ ရွာတွေမှာ လူစရွေးနေပြီ၊ သင်တန်းဘယ်အချိန်တက်မလဲဆိုတာ မသိရသေးပါဘူး”
သို့ရာတွင် မာရှယ်လောထုတ်ထားသည့် ရေးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန် မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ငြင်းဆန်ထားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“စစ်ကောင်စီအမိန့်ကို နာခံတဲ့အုပ်ချုပ်ရေးမှူးတွေလည်း ပစ်သတ်ခံလိုက်ရတာ ကုန်သလောက်ရှိနေပြီ၊ လက်ရှိအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဘယ်သူမှလည်း လူမစုရဲဘူး၊ မြို့နယ်အာဏာပိုင်အမိန့်ကို မနာခံရင် ထောင်ကျရုံပဲရှိမယ်၊ အုပ်ချုပ်ရေးမှူးအလုပ်ကို ဘယ်သူမှလည်း မလုပ်ချင်ဘူး ထွက်ခွင့်လည်း မပေးဘူး” ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့အတူ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ကို အကောင်အထည်ဖော်သွားမည်ဆိုပါက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) မှ ပြတ်သားစွာအရေးယူသွားမည်ဖြစ်ကြောင်း သြဂုတ်လ (၂၉) ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်တွင် ခရိုင် (၄)ခု၊မြို့နယ် (၁၀) ခု၊ မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။