ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒရုန်းအပြင် လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိုခိုက်သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်း မှ သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်ခန့်က အဆိုပါ နှစ်ကရင်လမ်းဝရှိ စစ်ကောင်စီ တပ်အား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်သေဆုံးခဲ့သူများအား လူနာတင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း တောင်ညိုစစ်ကြောင်းက ဆိုထားသည်။
လက်ရှိတွင် နှစ်ကရင်လမ်းဝအဝင်လမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းခွင့်မပြုဘဲ မော့ကနင်ရွာသစ်လမ်းဘက်သို့ ကွေ့ပတ်ရှောင်ကွင်းသွားလာနေကြရကြောင်း ဒေသခံများက ပြောကြားသည်။
အလားတူ ဩဂုတ်လ (၂၂) ရက်နေ့ကလည်း ထိုနှစ်ကရင်ကျေးရွာလမ်းဝတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်ထားသော်လည်း ၄င်းဖြစ်စဥ်မဟုတ်မမှန်ကြောင်း စစ်ကောင်စီလော်ဘီများက ငြင်းဆိုထားသည်။
သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းအား စစ်ကောင်စီတပ်အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားခြင်း၊ ကင်းပုန်းချခြင်းနှင့် စစ်ကြောင်းလှုပ်ရှားမှုများလုပ်ဆောင်နေကြောင်း သိရသည်။