ရေးမြို့နယ် ပေါ့ထောကျေးရွာတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရော်ဘာခြံမှ ပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်နေ့ ည (၇) နာရီအချိန်ခန့်က ရေးမြို့နယ် ပေါ့ထောကျေးရွာဘက်မှ ပုပ္ပဝတီကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦးအား ပေါ့ထောကျေးရွာတံတားအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်နဲ့ အပစ်ခံရတဲ့သူက ပုပ္ပဝတီကျေးရွာမှာနေတဲ့ အသက် (၄၀) နှစ်ခန့်ရှိတဲ့ ကိုဇော် ဆိုတဲ့သူပါ။ စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကိုဇော်ရဲ့ ခြေထောက်နဲ့ပေါင်မှာကျည်ထိမှန်ဒဏ်ရာတွေရသွားပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကျည်ထိမှန်ဒဏ်ရာရရှိသွားသည့် ကိုဇော်အား ၎င်း၏မိသားစုဝင်များက မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။
စစ်ကောင်စီတပ်မှ သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းမကြီးတလျှောက်တွင် စစ်ကြောင်းလှည့်လည်၍ ကင်းပုန်းဝပ်ခြင်း၊ စစ်ကြောင်းလှုပ်ရှားခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။