✩ မွန်ပါတီများ တောခိုခြင်း✩
ပြည်ထောင်စုမြန်မာနိုင်တော် အစိုးရဝန်ကြီးများအဖွဲ့ မှတ်တမ်းအမှတ် ၃၁/စီ-အမ်-အေ (၂) ၄၈-၁ ။ ၁၉၄၈ ခုနှစ် အောက်တိုဘာလ (၅) ရက်စွဲဖြင့် ကြေငြာသည့် မွန်ပြည်နယ် ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်မှု စုံစမ်းရေး ကော်မရှင်တွင် မွန်တိုင်းရင်းသားအစည်းအရုံးပါတီ ဥက္ကဌမွန်ဖိုးချိုနှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) ပါတီ ဥက္ကဌ နိုင်လှမောင်တို့ကို အဖွဲ့ဝင်နေရာ ထည့်သွင်းပေးထားသည်။
ထို့ပြင် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးရှိလာစေရန်ရည်ရွယ်၍ မွန်ဗမာရွာ သားများ အချင်းချင်း ပဋိပက္ခမဖြစ်ပွားစေရန် ဖဆပလအစိုးရ၏တိုက်တွန်းမှုဖြင့် မွန်တိုင်း ရင်းသား အစည်းအရုံးခေါင်းဆောင်တို့၏ သြဇာလွှမ်းမိုးမှုရှိသော မုဒုံနှင့် ကျိုက္ခမီ မြို့နယ်တို့တွင် မြို့နယ်ငြိမ်းချမ်းရေးအဖွဲ့အသီးသီးတို့ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး တရားပွဲများ၊ ဟောပြောပွဲများကို တရွာဝင် တရွာထွက်ကာ လှည့်လည် ပြုလုပ် ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးပါတီ ဒုဥက္ကဌ နိုင်အောင်ထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်ဝင်များသည် ဖဆပလကိုယ်စား လှယ်များ၊ BTF ခေါင်းဆောင်းဆောင်များ နှင့်အတူ တစ်ရွာဝင်တစ်ရွာထွက်ကာ ငြိမ်းချမ်းရေးတရား လိုက်လံဟောပြောကြသည်။
ထို့အတူ တနင်္သာရီ စစ်တိုင်းမင်းကြီး ဦးဖေနှင့် မလရအဖွဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ငွေသိမ်း တို့သည်လည်း ကြာအင်းဆိပ်ကြီးမြို့တွင် ငြိမ်းချမ်းရေးတရား အတူတူ ဟောပြောခဲ့သေးသည်။ သို့သော် မော်လမြိုင်ဘက်ကို ပြန်လာရင် ကချင်(၂) တပ်ရင်းမှူးက ဖမ်းဆီးလိမ့်မည်ဟု ဦးဖေပြောပြသဖြင့် နိုင်ငွေသိမ်းမှာ ကြာအင်းဆိပ်ကြီးဘက်တွင် ဆက်လက် ရှောင်ပုန်းနေရပြန်သည်။
၁၉၄၈ ခု ဒီဇင်ဘာလတွင် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ကားလမ်း တစ်နေရာ၌ နိုင်ထွန်းမောင်အဖွဲ့နှင့် ဖဆပလတပ်ဖွဲ့တို့၏ တိုက်ပွဲ ဖြစ်စဥ်အတွင်း BTF တပ်သားများ ကျဆုံးခဲ့သည်ကို မကျေနပ်သည့်အတွက် နိုင်ထွန်းမောင်၏ ဇာတိဖြစ်သော ကော့ဒွတ်ရွာကို ပြည်သူ့ ရဲဘော်တပ်ဖွဲ့နှင့် BTF တို့ ဝင်ရောက်လာပြီး ရွာလုံးကျွတ် အစည်းအဝေးခေါ်ယူကာ တန်းစီနေသောလူအုပ်ထဲကို ဘရင်းဂန်း စက်သေနတ်ဖြင့် လူအစု လိုက်အပြုံလိုက် ပစ်သတ်ခဲ့သည်။
နိုင်ထွန်းမောင်က ပြန်လည်လက်စားချေသည့်သဘောဖြင့် နှစ်ကရင်ရွာ အရှေ့ဖက် မော်လမြိုင်-ရေးကားလမ်းရှိ လိမ္မော်ခြံရွာအနီး၌ MNDO ပူးပေါင်း တပ်ဖွဲ့တို့၏ စောင့်ကြိုပစ်ခတ်မှုကြောင့် BTF တပ်သားအများအပြား ဒဏ်ရာရရှိ ကာ (၅) ယောက် ကျဆုံးသွားခဲ့ပြန်သည်။
သံဖြူဇရပ်မြို့ပေါ်တွင် ဗိုလ်သန်းညွန့် ဦးဆောင်ပြီး နိုင်အောင်ထွန်းနှင့် အတူ ငြိမ်းချမ်းရေးတရားဟောပြောနေကြစဥ် လိမ္မော်ခြံတိုက်ပွဲမှ BTF အလောင်းများကို သယ်ယူလာပြီး လူအများရှေ့တွင် မွန်တွေသတ်သည် ပြောဆို၍ အလောင်းများ ကို ထုတ်ပြသဖြင့် တရားဟောပွဲ ပျက်သွားသည်။ ထိုမှစ၍ ရပ်ရွာငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်သည်။
ထိုညပိုင်းတွင် ပြည်သူ့ရပ်ဘော်တပ်ဖွဲ့များက ပငရွာကို ဝင်ရောက်လာပြီး နိုင်အောင်ထွန်းကို တစ်အိမ်တက် တစ်အိမ်ဆင်း၍ ပိုက်စိပ်တိုက် လိုက်ရှာသည်။ နိုင်အောင်ထွန်း၏ ဇနီးသားသမီးများကိုလည်း ရွာမှာ ရှာမတွေ့ပေ။ နောက်ဆုံး တွင် နိုင်အောင်ထွန်း၏ ပငနေအိမ်ကို ပြည်သူ့ ရဲဘော်အဖွဲ့က မီးတင်ရှို့ခဲ့သည်။
ထိုအချိန်တွင် နိုင်အောင်ထွန်း ဦးဆောင်သော မွန်တိုင်းရင်းသား အစည်း အရုံးဝင်တို့မှာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်းပင် နီးစပ်ရာ ကွမ်လှာ-နှီးပဒေါ အရှေ့ ဘက်ခြမ်း တောနက်များနှင့် ကျိုက်ကမော့တောင်ခြေ၊ ဝင်းဖနုံတဝိုက်ရှိ တောတွင်းလှို့ဝှက်စခန်းများဆီသို့ အသီးသီး ရောက်ရှိသွားကြပြီ ဖြစ်သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဗကပပါတီ တောခို မှုနှင့် အတူ ရဲဘော်ဖြူအဖွဲ့လည်း တောခိုခဲ့ပြီး ဖဆပလအစိုးရအနေဖြင့် မွန်၊ ကရင်၊ ရခိုင်၊ ကရင်နီ၊ ပအိုဝ်း တော်လှန်မှုများသာမက ရခိုင်ပြည်နယ်မှာလည်း မူဂျာဟစ်တို့၏ ပုန်ကန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၁၉၄၉ ဇန်နဝါရလ (၂၇) ရက်တွင် ကရင်တပ်များက တောင်ငူကို သိမ်းသည်။ အမှတ်(၁) ကရင် သေနတ်ကိုင်တပ်ရင်း၊ အမှတ် (၂) ကရင် သေနတ်ကိုင်တပ်ရင်း၊ အမှတ် (၁) ကချင်သေနတ်ကိုင်တပ်ရင်းတို့က ကရင် အမျိုးသားအစည်းအရုံး KNU နှင့် ပူးပေါင်းခဲ့သည်။ ကရင်သေနတ်ကိုင် တပ်ရင်းများ တောခိုခဲ့ပြီးနောက် အမှတ်(၃) ကရင်သေနတ်ကိုင် တပ်ရင်းကို အစိုးရက လက်နက် ဖြုတ်သိမ်းလိုက်သည်။
၁၉၄၉ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် KNDO ကို ဖဆပလအစိုးရ မတရားအသင်း ကြေငြာသည်။ နောက်တစ်နေ့တွင် အင်းစိန်မြို့ရှိ KNU ဗဟိုဌာနချုပ်ကို ဖဆပလတပ်များ လာရောက်တိုက်ခိုက်သည်။ တစ်ပြည်လုံးရှိ ကရင်တပ်များ ပြည်လည်ခုခံတိုက် ခိုက်ရာ ပြည်တွင်းစစ်မီး တောက်လောင် လာခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် စမစ်ဒွန်း နေရာမှာ အမှတ် (၄ ) ဗမာ့သေနတ်ကိုင် တပ်ရင်းမှူး ဗိုလ်မှူးကြီး နေဝင်းအား အစားထိုး ခဲ့သည်။ ထို့ပြင် ထိပ်တန်းစစ်ဖက်အရာရှိ များတွင် ကရင်အမျိုးသားများ ဖြစ်ကြသော ဗိုလ်မှူးချုပ် စောကြာဒိုးနှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်မှူးကြီး စောရှီးရှိုး တို့ကို ဖဆပလအစိုးရက အငြိမ်းစား ပေးလိုက်သည်။
အလားတူ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ MNDO ကို ဖဆပလအစိုးရက မတရားအသင်း ကြေငြာလိုက်သည်။ ထို့ကြောင့် MNDO နှင့်ဆက်စပ် သူတို့ကို ဖဆပလအစိုးရက လိုက်လံဖမ်းဆီးသည်။
ရန်ကုန်မြို့ရှိ မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) ပါတီ ဥက္ကဌ နိုင်လှမောင် အဖမ်းခံရ သည်။ ကရင်အမျိုးသားအစည်း အရုံး KNU ကို အကူအညီပေးသည်ဟုဆိုကာ အင်းစိန်တွင်နေထိုင်သော မွန်တိုင်းရင်းသားအစည်းအရုံး ဥက္ကဌ မွန်ဖိုးချိုကို လည်း ဖဆပလအာဏာပိုင်တို့ ဖမ်းဆီးသည်။
မော်လမြိုင်မြို့ မွန်လူမျိုးရေးရာအဖွဲ့ချုပ် ပါတီဗဟိုဌာနချုပ်ရုံးမှ နိုင်ဘလွင် (နိုင်ရွှေကျင်)၊ မော်လမြိုင်မြို့နေ ကရင်ခေါင်းဆောင် စောသာဒင်၊ စောဖိုးချစ်တို့ကို ဖမ်းဆီးလိုက်ပြီး ထောင် ၃ နှစ် စီရင်ချက်အမြန်ချကာ မန္တလေး အိုးဘိုထောင်သို့ ချက်ချင်းပို့လိုက်သည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) သည် မော်လမြိုင်မြို့မှ အားလုံး ထွက်ခွာ လာပြီးနောက် လက်နက်ကိုင် တော်လှန်ရေးပါတီ အသွင်ပြောင်းလဲ၍ နိုင်လှမောင်၏ ညီအစ်ရင်း နိုင်သာနှင်း အား ဥက္ကဌအဖြစ်တင်မြှောက်သည်။ အထွေ ထွေ အတွင်းရေးမှူး နှင့် ကာကွယ်ရေးဌာနကို နိုင်ငွေသိမ်း၊ တွဲဖက်အတွင်း ရေးမှူး နိုင်သိမ်းမောင်ဖြစ်ပြီး နိုင်ထွန်းသိန်း၊ နိုင်သာအောင်၊ နိုင်စိန်ထွန်း၊ မိဟံသာ၊ နိုင်သာဟန်တို့ ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြည်လည် ဖွဲ့စည်းခဲ့သည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ အမာခံဒေသဖြစ်သော ကတိုး-ကော့နှပ်နှင့် ဖားအောက်ကျေးရွာများတွင် ကချင်(၂) တပ်ရင်းနှင့် ဖဆပလတပ်ဖွဲ့တို့က ဝင် ရောက်တိုက်ခိုက်ပြီး ရွာကိုမီးရှို့သည်။
ထို့အတူ မွန်တိုင်းရင်းသား အစည်းအရုံး ၏ အမာခံဒေသ ပငနှင့် ကမာဝက်ကျေးရွာများကို ဖဆပလတပ်ဖွဲ့ လာရောက် မီးရှို့ခဲ့သည်။ ထိုနှစ်များအတွင်း မွန်ကျေးရွာ (၁၂၈) ရွာခန့် မီးရှို့ခံခဲ့ရသည်ကို သုတေသီအချို့က မှတ်တမ်းတင်ခဲ့သည်။
KNU ဥက္ကဌ စောဘဦးကြီးနှင့် မလရအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး နိုင်ငွေသိမ်းတို့သည် ရန်ကုန်မြို့တွင် ရှိနေစဥ်ကတည်းကပင် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်ခင်မင်ရင်းနှီးခဲ့သူများ ဖြစ်နေကြသည်။ ထိုကြောင့် ကော့ကရိတ်မြို့တွင် မွန်နှင်ကရင်ပူးတွဲ၍ ကာကွယ်ရေးနှင့် ပူးတွဲအုပ်ချုပ်ရေး ကော်မတီ ဖွဲ့စည်းပေးထားသည်။ ကရင်တပ်ဖွဲ့ (၁) ရင်း၊ မွန်တပ်ရင်း (၃) ရင်းဖြင့် ဆင်ဖြူတော် တပ်မဟာ (ကဆောဝါး) ဖွဲ့စည်းထားပြီး ကရင်တပ်ဖွဲ့ထံမှ အကောက်ခွန်ငွေများကို လည်း မွန်တို့အချိုးကျမျှဝေခံစားခွင့် ရရှိသည်။
မလရအဖွဲ့သည် ကော့ကရိတ်မြို့နယ် ကျောက်ရေတွင်းဒေသ၌ ဌာနချုပ် အခြေစိုက်ပြီး ကော့ဘိန်းဘက်တဝိုက်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်း မြို့နယ် သံပုရာရွာတဝိုက်၊ ဝင်းရော်ဆိပ်ကြီး၊၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် မြောက်ပိုင်း ဘက်တွင် ပြောက်ကျား စစ်မျက်နှာဖွင့်၍ ဖဆပလ အစိုးရ လက်အောက်ခံ တပ်ဖွဲ့များကို တိုက်ခိုက်သည်။
ဘီးလူးကျွန်း-ချောင်းဆုံတပ်ကို တပ်ကို ဗိုလ်ရန် ကင်းနှင့် ဗိုလ်ရွှေယိုင်တို့ ခေါင်းဆောင်ပြီး သထုံတပ်ဖွဲ့နှင့် ပူးပေါင်းသည်၊ ထုံးအိုင် တိုက်ပွဲတွင် ဗိုလ်သိန်း ကျဆုံးသည်။ နိုင်ပန်းသာတပ်ဖွဲ့သည် ကော့ဒွတ် အခြေ စိုက် နိုင်ထွန်းမောင်တပ်ဖွဲ့နှင့် ပူးပေါင်း၍ လမိုင်းရွာရှိ ဖဆပလတပ်စခန်း ကို တိုက်ခိုက်သိမ်းပိုက်သည်။
လူသူလက်နက်အင်အား တောင့်တင်းလာသည့် KNDO တို့သည် မန္တလေး၊ မိထ္တီလာ၊ တောင်ကြီး၊ တောင်ငူ၊ ပြည်၊ ပုသိမ်၊ မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၊ တောခို ပြည်သူ့ရဲဘော် စသော လက်နက်ကိုင်အင်အားစုများကလည်း တခြားသော မြို့ရွာများကို သိမ်းပိုက်ထား နိုင်ခဲ့သည်။
ထိုစဥ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရမှာ နိုင်ငံတကာ သတင်းစာများတွင် ရန်ကုန်အစိုးရဟုပင် ရေးသားဖော်ပြခြင်း ခံနေရသည့် အခြေအနေပင် ဖြစ်နေသည်။
မွန်တိုင်းရင်းသားအစည်းအရုံးနှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) တို့၏ ဥက္ကဌ နှစ်ဦးလုံးမှာ အင်းစိန်ထောင်၌ အကျဥ်းကျခံနေရပြီး ကျန်ရှိသောပါတီဝင်အားလုံးတို့မှာ တောတွင်းစခန်းနေရာ အသီးသီးသို့ ရောက်ရှိသွားခဲ့သည်။
ဥက္ကဌနိုင်အောင်ထွန်း၊ အတွင်းရေးမှူး နိုင်ချမ်းမွန် ဗဟိုအလုပ်အမှုဆောင်ဝင် နိုင်ဆိတ်နို့၊ နိုင်ဖိုးစိန်တို့ပါဝင်သော မွန်တိုင်းရင်းသားအစည်းအရုံး ပါတီသည် တောင်ပေါက်ကျေးရွာ၌ ဗဟိုဌာနချုပ်ဖွင့်လှစ်ထားခဲ့သည်။
ဥက္ကဌ နိုင်သာနှင်း၊ အတွင်းရေးမှူး နိုင်ငွေသိမ်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်၊ မိဟံသာတို့ ဦးဆောင်သော မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) ပါတီ သည်လည်း ကော့ကရိတ်မြို့နယ် ကျောက်ရေတွင်းရွာ၌ ယာယီဌာနချုပ်ကို အခြေစိုက်ခဲ့သည်။
လွတ်လပ်ရေးမရခင်က မြေပေါ်မွန်နိုင်ငံရေးပါတီ ၂ ရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြီးနှင့်အတူ ထိုအချိန်မှစ၍ လက်နက်ကိုင်တော်လှန်ရေးသို့ အသွင်ကူးပြောင်းခဲ့ကြလေသတည်း။
(ပြီးပါပြီ)
ကိုးကားချက်များ
- ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)
Photo; Social Media