✩ မော်လမြိုင်မြို့ကို အစိုးရထံပြန်အပ်လိုက်ရခြင်း ✩
ဖဆပလအစိုးရ၏ အစီအစဥ်ဖြင့် ရန်ကုန်မြို့မှ KNU ဥက္ကဌ စောဘဦးကြီး နှင့် စောဝီလီကျော်တို့ စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၈) ရက်နေ့တွင် မွန်နှင့်ကရင်တို့ သိမ်းပိုက်ထားသော မော်လမြိုင်သို့ မေယုစစ်သဘေႅာဖြင့် ရောက်ရှိလာ ကြသည်။
သံလွင်မြစ်အတွင်း ကျောက်ချရပ်နားထားသော စစ်သဘေႅာပေါ်တွင် ၎င်းတို့သည် မွန်၊ ကရင်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
စောဘဦးကြီး၏ အဓိကဆွေးနွေးချက်မှာ ဖဆပလကို လက်နက်အင်အားပြပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ပေးရန် အကြပ်ကိုင် တောင်းခံရမည်။ ဤသို့လုပ် ဆောင်လျှင် အောင်မြင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သို့ရာတွင် အစိုးရဌာနများကို သိမ်းပိုက်ခြင်း မြို့များသိမ်းပြီး စင်ပြိုင်အစိုးရ တည်ထောင် ခြင်းသည် ယခုအခါ မလိုအပ်သေးဟု ယူဆသည်။ ထို့ကြောင့် အကြောင်း အမျိုးမျိုးကြောင့် မွန်နှင့်ကရင်တို့ သိမ်းယူထားသော နယ်မြေများကို ဖဆပလ အား ပြန်လည်ပေးအပ်ရမည်ဟု ဆိုသည်။
ဤသို့ဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အမှတ် (၂) ကချင်သေနတ်ကိုင် တပ်ရင်းသည် သေနတ်တချက်မျှ မဖောက်ရဘဲ မော်လမြိုင်မြို့ပေါ်ကို ချက်ချင်းပင် ရောက်ရှိလာ၏။
ကချင်(၂) တပ်ရင်းမှူးက မော်လမြိုင်ရှိ မွန်၊ ကရင် ခေါင်းဆောင်တို့နှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး ကိစ္စများကို ဆွေးနွေးကြ၏။ လုံခြုံရေးအတွက် ကျိုက္ခမီ ခရိုင်တွင် ကရင်တပ်ခွဲတစ်ခွဲ၊ မွန်တပ်ခွဲ တစ်ခွဲ၊ အစိုးရ (ဗမာ) တပ်ခွဲတစ်ခွဲ စုစည်းပြီး ဖွဲ့မည်ဟု ကတိစကားပြုကြသည်။
လောလောဆယ်အားဖြင့် မော်လမြိုင်မြို့ကို (၁) အစိုးရဇုံ၊ (၂) မွန်ဇုံ၊ (၃) ကရင်ဇုံဟု ခွဲခြားရန် သဘောတူကြ၏။ အစိုး ရအဆောက်အဦးများနှင့် မောင်ငံ၊ မုပွန်ရှိ ဘူတာရုံ၊ သင်္ဘောဆိပ်နေရာများ ကို အစိုးရတပ်က တာဝန်ယူ၏။ မွန်တပ်သည် ရွှေတောင်ရပ်မှ မောင်ငံ နယ်စပ်အထိ၊ ကရင်စစ်ရဲ တပ်ရင်းသည် ဒိုင်းဝန်ကွင်းကို တာဝန်ယူ၏။
စက်တင်ဘာလလယ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် မော်လမြိုင် မြို့ကို အစိုးရထံ ပြန်လည်အပ်နှံသည့် အခမ်းအနား ကျင်းပသည့် ကမ်းနားလမ်းသို့ မေယုသင်္ဘောဖြင့် ဆိုက်ရောက်လာသည်။
မော်လမြိုင်မြို့ကို ဖဆပလအစိုးရက တဖြည်းဖြည်းနှင့် ပြန်လည်ထိန်းချုပ် နိုင်သောအခါ နိုဝင်ဘာလ ၁၃ ရက် နေ့စွဲဖြင့် MNDO မှ လက်နက်များကို ၄၈ နာရီအတွင်း လာရောက်အပ်နှံကြရန် ကချင်(၂) တပ်ရင်းမှူးက အမိန့်စာဖြင့် ဆင့်ခေါ် လာတော့သည်။
ထိုသို့ အစိုးရကိုယ်စားလှယ်နှင့် ညှိနှိုင်း၍ မော်လမြိုင်မြို့ကို ပြန်လည်အပ်နှံ ပေးလိုက်ရသည့်အချိန်တွင် ကရင်တွင် နှစ်ဖွဲ့ ကွဲသကဲ့သို့ မွန်မှာလည်း နှစ်ဖွဲ့ ထပ်ကွဲသွားကြပြန်သည်။
မြို့ကို ပြန်အပ်မည့် အဖွဲ့နှင့် မအပ်လိုသည့်အဖွဲ့ဆိုပြီး မွန်နှင့် ကရင်လက်နက်ကိုင်တို့၏ အဖွဲ့အသီးသီးတို့တွင် အမြင်နှစ်မျိုး ဖြစ်သွားခဲ့သည်။ မြို့ကိုအပ်သည့်အဖွဲ့က မြို့ပေါ်နေခွင့်ရပြီး မြို့ကို ပြန်မအပ်လို သူများမှာ တောခိုသွားရသည်။
သို့ရာတွင် မတရားအသင်း ကျေငြာခံရခြင်း မရှိသေးသဖြင့် မော်လမြိုင်မြို့ပေါ်မှ မွန်လူမျိုးရေးရာအဖွဲ့ချုပ် ရုံးများကိုလည်း မပိတ်ရသေးပေ။ နိုင်ဘလွင် တစ်ဦးတည်း ရုံးတွင်နေထိုင်ကာ တနင်္သာရီတိုင်းမ် သတင်းစာကို ဆက်လက် ထုတ်ဝေနေခဲ့သည်။
မော်လမြိုင်မြို့ကို ပြန်မအပ်သည့် မွန်လူမျိုးရေးရာအဖွဲ့မှ အတွင်းရေးမှူး နိုင်ငွေသိမ်း၊ နိုင်ဘလွင်၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်တို့ အဖွဲ့နှင့် မြို့ပြန်အပ်သည့် နိုင်လှမောင်အဖွဲ့ဟူ၍ မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) အတွင်း နှစ်ဖွဲ့ကွဲခဲ့သည်။
နိုင်လှမောင်၏ ညီအရင်းဖြစ်သူ နိုင်သာနှင်းမှာ MNDO တဖွဲ့လုံးနှင့် လိုက်ပါ၍ မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ဥက္ကဌအဖြစ် လက်နက်ကိုင် တပ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ်-မလရရုံး၌ နိုင်ဘလွင်၊ မွန်စံသူနှင့် နိုင်ထွန်းတင် တို့ (၃) ဦးကို ချန်လှပ်ထား၍ MNDO အဖွဲ့ဝင်လူငယ် အားလုံးမှာ လွတ်မြောက် နယ်မြေများဆီသို့ အမြန်ထွက်ခွာ သွားရလေသည်။
နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်တို့ ခေါင်းဆောင်သော မွန်လူမျိုးရေးရာ အဖွဲ့ချုပ် (မလရ)နှင့် လက်အောက်ခံ MNDO တပ်ဖွဲ့တို့သည် မြို့ပေါ်မှလွဲ၍ ကျေးရွာများတွင် ထိန်းချုပ်ထား နိုင်သေးသည်။ ကော့ဘိန်း၊ တရနာဒေသမှစ၍ ကော့ကရိတ်၊ မြဝတီမြို့ ထိုင်းနယ်စပ်အထိ မွန်တပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များက ပူးတွဲလှုပ်ရှား နေကြသည်။
-ဆက်ရန်
ကိုးကားချက်များ
- ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)