မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ထိုင်းနယ်စပ်မြို့သို့ ဆက်သွယ်ထားသော မော်တော်ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်းစစ်ဗျူဟာစခန်း တိုက်ပွဲများကြောင့် နေအိမ် (၃၀) ခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့မှစတင်ပြီး အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့များ သွားရောက်ခိုက်ခဲ့ရာမှ ယနေ့အထိ ယင်းဒေသအတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသော အနန်းကွင်းရွာသားတစ်ဦးက ပြောကြားသည်။
“ဩဂုတ်လ (၁၉) ရက်နေ့ကလည်း လေယာဉ်နဲ့ ဗုံးလာကြဲသေးတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာရော၊ လက်နက်ကြီးထိတာရောဆိုရင် အနန်းကွင်းရွာထဲမှာ နေအိမ် (၃၀) လောက် မီးလောင်ပျက်စီးကုန်တယ်။ ရွာသူ၊ ရွာသားတွေလည်း ရွာထဲမှာ တစ်ယောက်မှမရှိကြတော့ဘူး။ အကုန်ထွက်ပြေးနေကြရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထိုတိုက်ပွဲအတွင်း အနန်းကွင်းဗျူဟာကုန်းမကျစေရန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့်အပြင် သံဖြူဇရပ်အခြေစိုက် ဝဲကလိတပ်နယ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရဲတံခွန်၊ တညင်၊ ပုတော၊ ပန်းအောင်၊ သံပုရာ၊ လွှတ်ရှမ်း အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့အပြင် လတ်တလော သံဖြူဇရပ်အခြေစိုက် ဝဲကလိတပ်နယ်မှ စစ်ကောင်စီ တပ်အင်အား (၃၀၀) ခန့်ဖြင့် သံဖြူဇရပ် – အနန်းကွင်း – ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ ကျေးရွာများဘက်နှင့် ရေးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု ဒေသတွင်းသတင်းအရင်းများထံမှ သိရသည်။
Photo-CJ