✩ မွန်နှင့်ကရင် မော်လမြိုင်မြို့သိမ်းခြင်း ✩
မွန်ဘာသာဖြင့် လူငယ်ကို “စမွတ်” ဟုခေါ်ကြသည်။ မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ MNDO တစ်ဖွဲ့လုံးမှာ လူငယ်များ ဖြစ်ကြသည့်အတွက် “စမွတ်အဖွဲ့” ဟု ခေါ်ကြသည်။ ထို့အတူ မော်လမြိုင်မြို့ပေါ် ဗမာများကလည်း မွန်တို့ကို “စမွတ်” ဟု ခေါ်ဆိုလာကြ၏။ သို့ရာတွင် ဗမာတို့၏ “စမွတ်” အဓိပ္ပါယ်မှာ ဗဟုသုတမရှိသော မွှန်တောသားများကို ဆိုလိုခြင်း ဖြစ်သည်။ (စကားချပ်)
ဇာသပြင်ရွာရဲစခန်း၏ လက်နက်များကို မွန်လူငယ်များသိမ်းသည့်ကိစ္စ မြန်မာ့အလင်းသတင်းစာမှ သြဂုတ် ၂၉ ရက်နေ့တွင် နောက်ကျပြီး သတင်းဖော်ပြခဲ့သည်။
သထုံမြို့ အထိ မွန် MNDO နှင့် ကရင်တပ် KNDO တို့ သိမ်းပိုက်လိုက်သည်ကို ရန်ကုန်မြို့ရှိ ဖဆပလ အစိုးရ သိလိုက်ရသောအခါ အစိုးရတပ်ဖွဲ့ကို စစ်ကူစေလွှတ်လိုက်သည်။
စစ်ကူများ ရောက်မလာသေးမီ အခိုက်အတန့်လေးမှာ မော်လမြိုင်မြို့အထိ စစ်မီးကူးစက် မလာစေဖို့ အခြေအနေကို ထိန်းသိမ်းထားရန် ရဲဗိုလ်ချုပ် ထွန်းလှအောင်နှင့် KNU မှ စောသာဒင်တို့ကို ဖဆပလအစိုးရက ရန်ကုန်မှ မေယုစစ်သင်္ဘောဖြင့် မော်လမြိုင်သို့ အမြန် စေလွှတ် လာခဲ့သည်။
မော်လမြိုင်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော မွန်ခေါင်းဆောင်များ နှင့် တွေ့ ဆုံဆွေးနွေးရန်အတွက် ရဲချုပ် ဗိုလ်ချုပ် ထွန်းလှအောင်နှင့်အဖွဲ့သည် သြဂုတ်လ (၃၁) ရက်နေ့တွင် ကျိုက်ခမီပင်လယ်ဝမှတဆင့် မော်လမြိုင် ကမ်းနားလမ်းကို မေယုစစ်သင်္ဘော ဆိုက်ရောက်လာသည်။
မော်လမြိုင်မြို့သို့ ရောက်လျှင်ရောက်ခြင်း တိုင်းမင်းကြီးနှင့် ခရိုင်ဝန် တို့ကို ဗိုလ်တဲသို့ ည (၇) နာရီအချိန် ဗိုလ်တဲနေရာ၌ အစည်းအဝေး ပြုလုပ်ရန် ဗိုလ်ချုပ် ထွန်းလှအောင်က ဖိတ်ကြားလိုက်သည်။ ဗိုလ်တဲ၏ လုံခြုံရေးကို စစ်ရဲ တပ်ရင်း (၅) တပ်စုက တာဝန်ယူရသည်။ စစ်ရဲအားလုံးမှာ ကရင်အမျိုးသားများ ဖြစ်ကြသည်။
ည (၈) နာရီခွဲ အချိန်ခန့်တွင် ဗိုလ်ချုပ် ထွန်းလှအောင်၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်များနှင့် အစိုးရအရာရှိအချို့တို့က အရေးပေါ်အစည်းဝေး ကျင်းပ နေကြသည်။
ထိုအချိန်တွင် အစည်းဝေးထိုင်နေကြသည့် အာဏာပိုင်အရေးကြီး ပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်သေနတ်များကို လုံခြုံရေးအစောင့် စစ်ရဲတို့က မထင် မှတ်ဘဲ ရုတ်တရက်လာရောက် သိမ်းဆည်းလိုက်ပြီး လက်နက်ချခိုင်းသည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုအနည်းငယ် ရှိသော်လည်း သွေးထွက်သံယိုမဖြစ်ခဲ့ဘဲ အစိုးရအရာရှိ အားလုံးတို့ကို တချိန်တည်းမှာပင် ဖမ်းဆီးလိုက်သည်။
ထိုနောက် တိုင်းမင်းကြီးနှင့် အပေါင်းအပါများကို မောင်လမြိုင် အချုပ် ထောင်သို့ ချက်ချင်းပို့ကာ ဖမ်းချုပ်ထားလိုက်ပြီး မော်လမြိုင်မြို့၏ အုပ်ချုပ်မှုရေးရာ ကိစ္စအဝဝတို့ကို တာဝန်လွှဲပြောင်းစေခဲ့၏။
ထိုညတွင် မော်လမြိုင်ထောင်သို့ စစ်ရဲများ ချက်ချင်းရောက်ရှိ လာပြီးလျှင် မွန်ခေါင်းဆောင် နိုင်ငွေသိမ်း၊ နိုင်ဘလွင်တို့နှင့်အတူ ဖမ်းချုပ်ခံထားရသော မလရအဖွဲ့ဝင် အားလုံးတို့ကို ချက်ချင် လာခေါ်ထုတ်သွား ကြသည်။
ထိုညက ရုန်းရင်းဆန်ခတ်အနည်းငယ် ဖြစ်ပွားခဲ့ရာတွင် ရဲချုပ် ဗိုလ်ချုပ် ထွန်းလှအောင်မှာ မည်သို့မည်ပုံမှန်း မသိလိုက်ရဘဲ ထွက်ပြေးလွတ် မြောက် သွားခဲ့သည်။ သူသည် ကျိုက်ခမီမြို့သို့ ညတွင်းချင်းမှာပင် ဂျစ်ကားတစ်စီး ဖြင့် ရောက်ရှိသွားပြီး ပင်လယ်ဝကို ရောက်လာသည့် မေယုစစ်သင်္ဘောဖြင့် ရန်ကုန်မြို့သို့ လိုက်ပါသွားပြန်သည်။
မော်လမြိုင်မြို့ကို သိမ်းပိုက်ထားသော မွန်နှင့်ကရင်ခေါင်းဆောင်များသည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးကော်မတီ များကို ပူးတွဲ ဖွဲ့စည်းကြ၏။
မွန်နှင့် ကရင် မော်လမြိုင်မြို့ သိမ်းခြင်းဆိုသည့် သတင်းကို စက်တင်ဘာ (၁) ရက်နေ့ထုတ် သတင်းစာများက ဖော်ပြကြသည်။
ထိုအချိန်က ကျိုက်ခမီခရိုင်အောက်တွင် မော်လမြိုင်မြို့နယ်အပါအဝင် ကော့ကရိတ်၊ ကြာအင်း၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် ရေးမြို့နယ် အထိကျယ်ပြန့်နေပြီး ဖဆပလအစိုးရ လက်အောက်ခံ ပြည်သူ့ရဲဘော်၊ ဗတလစ (တောင်သူလယ်သမား) အဖွဲ့၊ ဆိုရှယ် လစ်ပြောက်ကျားတပ်ဖွဲ့များ၊ ကျိုက် မရော ဦးသွင်အဖွဲ့တို့အပြင် ဆိုရှယ်လစ်တို့ ဖွဲ့စည်းထားသော ကျောင်းသား ရဲခေါင်အဖွဲ့ တို့ နေရာအနှံ့တွင် ပြန့်နှံ့ရောက်ရှိနေသည်။
လက်နက်ကိုင်တပ်ဖွဲ့ခိုင်ခိုင်မာမာ ရှိနှင့်ပြီးသားဖြစ်သော ကရင်တပ်ဖွဲ့များ ကသာ မော်လမြိုင်မြို့ကို အဓိက ဦးဆောင် သိမ်းပိုက်ခဲ့သည်ဟု ဆရာနိုင်ထွန်းသိန်းက ပြောခဲ့သည်။
“မော်လမြိုင်သိမ်းဖို့ အစီအစဥ် လုံးဝမရှိခဲ့ပါဘူး၊ ကြိုတင်ပြင်ဆင် ထားတာလည်း မရှိခဲ့ဘူး၊ မထင်မှတ်ဘဲနဲ့ ရုတ်တရက် မြို့သိမ်းဖို့ ဖြစ်သွား တာပါတဲ့၊ အဲဒီ စသိမ်းတဲ့အချိန်မှာ ဆရာနိုင်ငွေသိမ်းတို့ နိုင်ဘလွင်တို့က မော်လမြိုင် အချုပ် ထောင်ထဲမှာပါ၊ တိုင်းမင်းကြီးတို့ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာ လုံခြုံရေးအစောင့်ဖြစ်တဲ့ ကရင်စစ်ရဲတွေက ဖမ်းဆီးပြီးတော့ အာဏာလွှဲခိုင်း လိုက်တာပါပဲ၊ အာဏာပိုင်တွေရဲ့ လက်နက်ကို ယူလိုက်ပြီးတော့ မြို့ကို သိမ်းခဲ့ တာပါ” ဟု သူက ဆက်ပြောသည်။
မြို့သိမ်းပိုက်ခဲ့သည်ဆိုရာတွင် တဖက်နှင့်တဖက် လက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု လုံးဝမရှိခဲ့ဘဲ မြို့ပေါ်အာဏာပိုင်အဖွဲ့ကိုသာ အသာတကြည် ဖမ်းဆီး၍ လက်နက်ချခိုင်းခဲ့ပြီး မွန်နှင့်ကရင်ခေါင်းဆောင်တို့ မော်လမြိုင်မြို့ အတူတကွသိမ်းယူခဲ့ကြပုံကို ဆရာနိုင်ထွန်းသိန်းက အသေးစိတ်ပြန်လည် ပြောပြခဲ့သည်။
-ဆက်ရန်
ကိုးကားချက်များ
- ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)
Photo; Social Media