✳ မွန်တော်လှန်ရေးစပြီ ✳
မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရပါတီ) လှို့ဝှက်ဖွဲ့စည်းထားသော မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ MNDO အဖွဲ့မှ နိုင်ပန်းသာ၊ ဗိုလ်သိန်း (ခ) နိုင်မောင်သိန်း တို့ ခေါင်းဆောင်သည့် မွန်လူငယ် (၂၇) ဦးတို့သည် သြဂုတ်လ ၁၉ ရက်-၁၉၄၈ ခုနှစ် (ဝါခေါင်လပြည့်နေ့-၁၃၁၀ ခုနှစ်) နံနက်စောစောပိုင်းတွင် ဘားအံမြို့နယ် ဂျိုင်းမြစ် ကမ်းနံဘေးရှိ ဇာသပြင်ကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာကာ သူကြီး၏ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ရဲစခန်းကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး လက်နက်များကို လုယူသိမ်းပိုက်လိုက်သည်။
မွန်လူငယ်တို့သည် လက်နက် ၃၀ လက်ခန့် ရရှိပြီးနောက် နံနက်ခင်းတွင် ဇာသပြင် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော မော်လမြိုင်-ကျုံဒိုးလူစီးသင်္ဘော၊ မော်တော်ဘုတ်များကို ထိန်းချုပ်လိုက်သည်။
ထိုနောက် တရနာ၊ ကော့လမု၊ ကော့ဘိန်း၊ ကော့ပေါက်နှင့် ကဒိုးကော့နှပ်ရှိ ဖဆပလ ကာကွယ်ရေးအဖွဲ့ ဝင်များထံမှ လက်နက်များကိုလည်း သွားရောက်သိမ်းယူ လိုက်ပြန်သည်။
မွန်လူမျိုးများဖြစ်ကြသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ခုခံခြင်း လုံးဝမပြုကြဘဲ မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ MNDO မွန်လူငယ်များနှင့် ချက်ချင်းလိုက်ပါ၍ အတူတကွ ပူးပေါင်းဆောင် ရွက်လာ ကြသည်။
ထိုနေ့က ဖြစ်စဥ်ကို သြဂုတ်လ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ “အစိုးရ သင်္ဘော ခေတ္တသိမ်းပြီးမှ ပြန်လွှတ်လိုက်ခြင်း” သတင်းခေါင်းစဥ်ဖြင့် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ (မူရင်း သတင်းစာဖြတ်ပိုင်းမှ)
“ကော့ကရိတ်သတင်းထောက်ထံမှ-ကော့ကရိတ်မြို့မှ သြဂုတ်လ ၁၉ ရက် နေ့တွင် မော်လမြိုင်သို့ သွားကြရန်ရှိသော ခရီးသည်များသည် ကျုံဒိုးဆိပ်ကမ်း ရောက်သောအခါ အချို့က အစိုးရသင်္ဘောကို စီးကြ၍ အချို့က မော်တော် ဘုတ်ကလေးများကို စီးကြပြီး အသီးသီးသွားကြကြောင်း။
အစိုးရ သင်္ဘောသည် နံနက် ၁၀ နာရီခန့်အချိန်တွင် ဇာသပြင်ဆိပ်ကမ်းသို့ ရောက် သောအခါ အမည်မသိလူ ၃၀ ခန့် လက်နက်မျိုး စုံနှင့် တက်လာကြပြီးလျှင် မလှုပ်ကြနှင့် လူကိုဘာမျှရန်မရှာပါ၊ ရွှေငွေများလည်း အလိုမရှိဘူး၊ လက်နက်များသာ အလိုရှိသည်ဟု ပြောဆိုပြီး ကော့ကရိတ် တရား သူကြီး ဦးမောင်မောင်ကြီးထံမှ ၆ လုံးပြူးတစ်လက်ကို သိမ်းယူ သွားသည်ဆိုကြောင်း။
ခေါင်းဆောင်လုပ်သူက ယခုကျနော်တို့ လက်နက်သိမ်းခြင်းမှာ ယနေ့ ယခု တချိန်တည်း မော်လမြိုင် တွင်လည်း ဆိုင်ရာက သိမ်းနေသည်၊ ကော့ကရိတ်တွင်လည်း သိမ်းနေပါ သည်ဟု ပြောဆိုပြီး ၄င်းသင်္ဘောကို ကျုံဒိုးဘက်သို့ ခုတ်မောင်းခိုင်းကာ တရနာ ရွာ၊ ကော့လမုရွာ၊ ကော့ဘိန်းရွာများမှ လက်နက်များ ကိုပါ သိမ်းဆည်းသွား ပြန်သည် ဆိုကြောင်း။
တရနာရွာမှ လက်နက်အချို့ကိုသာရ၍ စိတ်မကျေနပ် သည့်အတွက် ကော့ဘိန်းမှ လှည့်ပြီး တရနာရွာတွင် တခါလက်နက် များ ပြန်ရှာကြသည် ဆိုကြောင်း။
တရနာရွာတွင် လက်နက်များကို ရှာနေစဥ် ခရီးသည်များမှ သိမ်းထား သော မော်တော်ဘုတ်ကလေး ၅ စီးကို ကျုံဒိုးသို့ တစီးကို မော်လမြိုင်သို့ သွားလိုသော ခရီးသည်များအား စီးနင်းလိုက်ပါရန် လွှတ်လိုက်သည် ဆိုကြောင်း။
အစိုးရ သင်္ဘောကိုတော့ သူတို့အလုပ်ရှိ၍ ၃ ရက်ခန့် သိမ်းထားမည်ဟု ပြောသည့်အပြင် သင်္ဘောစာရေးအား သူတို့လူစုကို ယနေ့ညအရောက် ဖားအံသို့ ပို့ပေးရမည်ဟု ပြောသဖြင့် သင်္ဘောစာရေးက ဖားအံလမ်းသည် ရေမြုပ်ဗုံးများ ရှိနေ၍ သွားလို့မဖြစ်နိုင်ကြောင်း အတန်တန် ပြောဆို တောင်းပန်သဖြင့် ကူးတို့အထိ သာ ပို့ပေးရပြီး သင်္ဘောကို မော်လမြိုင် သို့ ပြန်လွှတ်လိုက်သည် ဆိုကြောင်း၊ သိမ်းသွားသော လက်နက်ပေါင်းမှာ အမျိုးစုံ ၄၀ ခန့်ရှိသည် ဆိုကြောင်း” ရေးသား ဖော်ပြခဲ့လေသည်။
MNDO လူငယ်များမှ ဇာသပြင်ရဲစခန်းကို စီနင်းပြီး ယင်းကဲ့သို့ လက်နက်များကို သိမ်းပိုက်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ပေါ်ရှိ မွန်လူမျိုးရေးရာအဖွဲ့ချုပ်ရုံးမှ အတွင်းရေးမှူး နိုင်ငွေသိမ်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ နိုင်ဘလွင်(နိုင်ရွှေကျင်) တို့ကို အာဏာပိုင်တို့က ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ပို့လိုက်သည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဥက္ကဌ နိုင်လှမောင်အား မော်လမြိုင်မြို့တွင် ရုံးထိုင်နေသော တိုင်းမင်းကြီးက ခေါ်တွေ့၍ မွန်လူငယ်များ လက်နက်ပြန်အပ်ဖို့ သွားရောက် နားချဖြောင်းဖြပေးရန် ဘားအံမြို့နယ်ဘက်သို့ စေလွှတ်သွားခဲ့သည်။
သို့သော် ဥက္ကဌ နိုင်လှမောင်မှာ MNDO လူငယ်များနှင့် ထုံးအိုင်ရွာတွင် သွားရောက်တွေ့ ဆုံသည့်အခါ ဖြောင်းဖြေပြောဆိုခြင်း မပြုတော့ပေ။ လက်နက် များ ကိုင်ဆောင်ထားသည့် မိမိ၏တပည့် MNDO မွန်လူငယ်များ စစ်သွေး စစ်မာန်တက်ကြွနေသည်ကို မြင်တွေ့လိုက်ရသောအခါ နိုင်လှမောင်မှာလည်း ဇာတိသွေး ဇာတိမာန် တက်ကြွလာပြီး “ကဲ ဒင်းတို့ ဖဆပလတွေ ဒီတခါတော့ တွေ့ရပြီ မဟုတ်လား၊ ဒို့မွန်တွေ တောင်းဆို ချက် ၇ ချက်ကို မပေးတဲ့ ဖဆပလ၊ ဒင်းတို့ ကောင်းကောင်း တွေ့ရပြီမဟုတ်လား” ဟု မွန်လိုကြုံးဝါး ပြောဆိုလိုက်ပြီး မော်လမြိုင်ဘက်ကိုလည်း ပြန်မလာတော့ပေ။
MNDO မွန်လူငယ်များက ကျေးရွာကာကွယ်ရေး လက်နက်များကို တစ်ရွာဝင် တစ်ရွာ ထွက်ပြီး ဆက်လက်သိမ်းပိုက် နေသောကြောင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရပါတီ) ရုံးမှ နိုင်စံသူ၊ နိုင်စိန်ထွန်း၊ နိုင်သာအောင်၊ နိုင်ဖိုးကောင်း၊ နိုင်ကြေးရှင်နှင့် အားလုံးပေါင်း ၂၀ ဦးခန့်တို့ကို စစ်ရဲတို့က သြဂုတ်လ ၂၈ ရက်နေ့တွင် လာရောက် ဖမ်းဆီးပြီး မော်လမြိုင် အချုပ်ထောင်ကို ဆက်လက်ပို့လေ၏။ နိုင်ငွေသိမ်းနှင့် နိုင်ဘလွင် တို့နှင့် ၄င်းအချုပ်ထောင်တွင် အတူတကွ ထိန်းသိမ်း ခံထားရသည်။
ထိုစဥ်က မွန်လူမျိုးရေးရာအဖွဲ့ချုပ်ရုံး ၂ နေရာ တည်ရှိခဲ့သည်၊ ပထမရုံးမှာ ပန်းပဲတန်း ရပ်ကွက် (ယခုအုပ်ချုပ်ရေးမှူး ရုံးနေရာ) ဖြစ်ပြီး ဒုတိယရုံးမှာ မရမ်းကုန်းရပ်ကွက်၊ ထားဝယ်တံတားထိပ် (ယခု ရေဝန်ရုံးနေရာ) ဖြစ်သည်၊ မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ MNDO ရုံးမှာ သံလွင်ဥယျာဥ်အရှေ့ ရွှေတညင် ခေါ် ဟိန္ဒူဘုရားကျောင်းအနီးတွင် တည်ရှိသည်။
-ဆက်ရန်
ကိုးကားချက်များ
- ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)