ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်ကတည်းကပင် မွန်ဖိုးချို၏ မွန်တိုင်းရင်းသား အစည်းအရုံးနှင့် စောဘဦးကြီး ခေါင်းဆောင်သော ကရင်ဗဟိုအကြံပေးအဖွဲ့အနေဖြင့် ဦးစွာဝင်ရောက် လာခဲ့သူများ ဖြစ်ကြသည်။
ဖဆပလ အာဏာရလာပြီး လွတ်လပ်ရေး အရိပ်အယောင်ကို မြင်တွေ့လာရသည့် အချိန်တွင် မြန်မာ ခေါင်းဆောင်တို့က မွန်နှင့်ကရင် ခေါင်းဆောင်တို့အား နောက်ပိုင်းတွင် မတူမတန်သလို ဆက်ဆံ၍ ဖဆပလ အဖွဲ့ချုပ်မှ ဖဲ့ထုတ်ခဲ့သည်။
ပင်လုံစာချုပ်ပေါ်ထွက်လာပြီးနောက် ရခိုင်၊ မွန်နှင့် ကရင် ခေါင်းဆောင် တို့သည် ဖဆပလနှင့် အရင်ဦးဆုံး လမ်းခွဲသွားကြပြီး မိမိတို့ အမျိုးသားလွတ်မြောက်ရေးအတွက် နည်းလမ်းများ ရှာကြံလာ ရတော့သည်။
ကရင်ဗဟိုအဖွဲ့သည် ကရင်ပြည်နယ် ဖွဲ့စည်းနိုင်ရေး၊ သီးခြားကရင်ပြည်နယ် တည်ထောင်နိုင်ရေး အတွက် စတင်ကြိုးပမ်းလှုပ်ရှားခဲ့သော ကရင်အမျိုးသား နိုင်ငံရေးအဖွဲ့အစည်းကြီးတခု ဖြစ်၏။
၁၉၄၇- ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပသော ဗဟိုကရင် အစည်းအရုံး (ကေစီအို)၏ ညီလာခံသို့၄င်း၊ အောက်တိုဘာလတွင် ကျင်းပသော ကရင်အမျိုးသား ကွန်ဖရင့်သို့၄င်း မွန်အမျိုးသား ခေါင်းဆောင်များ တက်ရောက် ခဲ့ကြ၏။
အဆိုပါ မော်လမြိုင်မြို့၌ ကျင်းပသော ကရင်အမျိုးသားကွန်ဖရင့်သို့ ကရင်ခေါင်းဆောင် စောဘဦးကြီး၏ ဖိတ်ကြားချက်အရ မွန်လွတ်လပ်ရေးအဖွဲ့(မလရ)မှ ဥက္ကဌ နိုင်လှမောင်၊ အတွင်းရေးမှူး နိုင်ဘလွင်နှင့် မိဟံသာတို့ တက်ရောက်သည်။
ထိုကွန်ဖရင့်၌ KNU ဥက္ကဌကြီး ဦးစောဘဦးကြီက အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှုနှင့် ပတ်သက်၍ “မိမိတို့သည် လက်နက် အင်အားပြကာ ဖဆပလအစိုးရကို အကြပ်ကိုင်၍ ကရင်ပြည်နယ် တောင်းဆိုသွားမည်” ဟု သူ၏သဘောထားကို မွန်ခေါင်းဆောင် များအား တင်ပြ ပြောဆိုခဲ့သည်။
တဖန် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် အလုံမြို့နယ်ရှိ ပဲခူးကရင်ကျောင်း (Pegu-Hight School) အထက (၁) အလုံ ကျောင်းဝင်းအတွင်း၌ ဥက္ကဌ စောဘဦးကြီး၊ ဒု-ဥက္ကဌ ဦးလှဖေ(ပအိုဝ်း)၊ အထွေထွေအတွင်းရေးမှူး ဆရာသာထိုတို့ ဦးစီးကျင်းပသည့် KNU ညီလာခံသို့ မွန်လူမျိုးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ နိုင်စံသူနှင့် နိုင်ဘညွန့်တို့ တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားတို့သည် ယခင် ဗြိတိသျှလက်ထက်မှ ဘားမားရိုင်ဖယ်၊ ဘီအမ်ပီ တပ်ထွက်များ၊ ဒုတိယကမ္ဘာစစ်က မဟာမိတ်တပ်ဖွဲ့တွင် ဝင်ရောက် အမှုထမ်းခဲ့ဖူးသော စစ်မှုထမ်းဟောင်းများနှင့် ဒုတိယကမ္ဘာစစ်အတွင်း တောင်ပေါ် ဒေသ၌ မဟာမိတ်တို့မှ စွန့်ပစ်ထားခဲ့သော လက်နက် ခဲယမ်း မီးကျောက်များကို စုစည်း၍ KNU ၏ ဦးဆောင်မှုဖြင့် ၁၉၄၇ ခု ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ကို ဖွဲ့စည်းပြီး မန်းဘဇံက ဦးဆောင်ခဲ့သည်။
ထို့ပြင် အရန်အင်အားအဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ကာကွယ် ရေးဌာန အောက်ရှိ ကရင့်ရိုင်ဖယ်တပ် (၃) ရင်းနှင့် ပြည်ထဲရေးဌာန အောက်တွင် စစ်ရဲများလည်း ရှိသေးသည်။
ထို့ကြောင့် မွန်အမျိုးသားများလည်း ၄င်းတို့နည်းတူ စီမံဆောင်ရွက်သွားရန်နှင့် လက်နက်အင်အား စုစည်းထားရန် စောဘဦးကြီး က မွန်ခေါင်းဆောင်တို့ကို တိုက်တွန်း အကြံပြုခဲ့သည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် KNU နှင့်ညှိနှိုင်း၍ ကာကွယ်ရေးဌာနတခု ဖွင့်လှစ်ပြီး မွန်စံသူ ဦးဆောင်မှုအောက်တွင် နိုင်ဘညွန့် (နိုင်ဘလွင်၏ညီ) နှင့် နိုင်ပန်းသာတို့ကို တွဲဖက်တာဝန်ပေး ထားခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် Union of Burma သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို ရရှိလာခဲ့သည်။
သို့ရာတွင် ဗမာလူမျိုးတစ်မျိုးအတွက်သာ လွတ်လပ်ရေးရသည့်သဘော သက်ရောက်နေခဲ့ပြီး မွန်၊ ကရင်နှင့် ရခိုင်ပြည်နယ်များကို သတ်မှတ်ပေးခြင်း မရှိခဲ့သည်က ပြည်တွင်းစစ်ဆိုသော လက်နက်ကိုင်ပဋိပက္ခများမှာ လွတ်လပ်ရေး၏ ဖွားဘက်တော်များ ဖြစ်လာရတော့၏။
ဗမာတို့သည် အင်္ဂလိပ်ကိုလိုနီ ကျွန်ဘဝလက်အောက်မှ လွတ်မြောက်ခဲ့သည် ဆိုသော်ငြား မွန်၊ ကရင်နှင့် ရခိုင်တို့ကို ဗမာကိုလိုနီအောက်သို့ အလိုလို ကျရောက်စေခဲ့သည်မှာ ပြောစရာဆိုစရာ အကြောင်းအရာများစွာ ဖြစ်လာခဲ့၏။
လွတ်လပ်ရေးရပြီးသည်နှင့် ကရင်ပြည်နယ်ကို ဖွဲ့စည်းပေးရန် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်တိုင်းရင်းသား ၄ သိန်းခန့်တို့သည် နေရာဒေသအနှံ့အပြား၌ တောင်းဆို ဆန္ဒပြ ခဲ့ကြသည်။ တနင်္သာရီတိုင်းနှင့် ညောင်လေးပင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုကြလေ၏။
အလားတူ မွန်ပြည်နယ်ကို သတ်မှတ်ပေးရန်လည်း ၁၉၄၈ ဖေဖော်ဝါရီ (၂၄) ရက်တွင် မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်းရှိ ကရင်ကျောင်းမှစပြီး အောက်လမ်းမကြီး တလျှောက် မွန်လူထု အင်အား ၃ သောင်းကျော်တို့က သံလွင်ဥယျာဥ်အထိ စီတန်း၍ ချီတက် ဆန္ဒပြကြသည်။
ယခင် မွန်ဘုရင်များအုပ်စိုးခဲ့သော ပဲခူးခရိုင်၊ သထုံခရိုင်၊ ကျိုက်ခမီခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို မွန်ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ကို အတူယူကာ မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ MNDO ကို ၁၉၄၈ ခုနှစ် အေပြီလ ၂၆ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်လူမျိုးရေးရာအဖွဲ့ချုပ်ရုံး၌ ဖွဲ့စည်းလိုက်ကြသည်။
မွန်လူမျိုးရေးရာ အဖွဲ့ချုပ် (မလရ)မှ လူငယ်အင်အား ၅၀၀ ကျော် လာရောက် စာရင်းပေးသွင်းကြပြီး ဖားအောက်ကျေးရွာနှင့် မွန်ရွာအချို့တို့တွင် အခြေခံစစ်ပညာသင်တန်းများကို လှို့ဝှက်စွာ သင်ကြားလေတော့သည်။
-ဆက်ရန်
ကိုးကားချက်များ
- ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)